India (Delhi)

အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကဏ္ဍ

Last Updated:

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုဖိအားများရှိနေသော်လည်း အိန္ဒိယနိုင်ငံ၏ စီးပွားရေးမှာ လျှင်မြန်စွာဆက်လက်ကြီးထွားလျက်ရှိကြောင်း၊ စီးပွားရေးတိုးတက်မှုသည် အဓိကအားဖြင့် ပို့ကုန်ကဏ္ဍတွင် အခက်အခဲတစ်ချို့ရှိသော်လည်း နှစ်နှစ်ဆက်တိုက်အားကောင်းခိုင်မာခြင်းကြောင့်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပို့ကုန်ကုန်သွယ်မှုမှာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်၏ အမေရိကန်ဒေါ်လာ ၄၂၂ ဘီလီယံနှင့်နှိုင်းယှဉ်လျှင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ၄၄၇ ဒေါ်လာခန့်ရရှိမည်ဟု ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍတွင် အများဆုံးတင်ပို့နိုင်ခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်ဖွံ့ဖြိုးတိုးတက်မှု ၆ ရာခိုင်နှုန်းရှိသည့်အတွက် တခြားသောကုန်ထုတ်လုပ်မှုအချက်အခြာနိုင်ငံများဖြစ်သည့် တရုတ်(ဟောင်ကောင်)၊ ဗီယက်နမ်၊ ထိုင်ဝမ်စသည်တို့နှင့် တန်းတူဖြစ်လာပါကြောင်း The Economics Times သတင်းစာက ဖော်ပြထားပါသည်။

အဓိကတင်ပို့သည့် ကုန်စည်အမျိုးအစားများ

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပို့ကုန်ပမာဏလေ့လာဆန်းစစ်ချက်များအရ အိန္ဒိယနိုင်ငံ၏ ပို့ကုန်ကုန်သွယ်မှုသည် အထည်အလိပ်နှင့်ကျောက်မျက်ရတနာ စသည့်သမားရိုးကျကုန်စည်များမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းများ၊ သဘာဝနှင့်ပြုပြင်ထားသည့် ဓါတုထုတ်ကုန်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများသို့ ပြောင်းလဲလာပါကြောင်း၊ ပို့ကုန်မြှင့်တင်ရေးအစီအစဉ်နှင့် ကဏ္ဍအလိုက် ပို့ကုန်များအား မက်လုံးပေးဆွဲဆောင်ထုတ်လုပ်သည့်(Production Linked Incentive - PLI) အစီအစဉ်ကဲ့သို့သော အစိုးရက ဦစီးဆောင်ရွက်သည့်အစီအစဉ်များသည် အိန္ဒိယနိုင်ငံအား တန်ဖိုးမြှင့်ကုန်စည်တင်ပို့သည့်နိုင်ငံဖြစ်လာစေရန် အထောက်အကူပြုပါကြောင်း၊ အီလက်ထရွန်နစ်ကုန်စည်တင်ပို့မှုသည် ခိုင်မာသည့် ပြည်တွင်းထုတ်လုပ်မှုအခြေအနေကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်မှုကို ရရှိနေပါကြောင်း၊ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံသည် ၂၀၁၄ ခုနှစ်  စမတ်ဖုန်းတင်ပို့မှု လုံးဝမရှိခဲ့သော်လည်း ကမ္ဘာ့အီလက်ထရွန်နစ်ကုန်ပစ္စည်းထုတ်လုပ်သူများ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့်အတွက် ၂၀၂၃ ဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံအထိ စံချိန်တင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆေးဝါးထုတ်လုပ်မှုအတွက် ကဏ္ဍအလိုက်ပို့ကုန်များအား မက်လုံးပေးဆွဲဆောင်သည့်အစီအစဉ်၊ ဆေးဝါးပစ္စည်းများ ပမာဏများစွာထုတ်လုပ်သည့်ဇုန်၊ ဆေးဝါးပစ္စည်းထုတ်လုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများ အသင့်ရှိစေခြင်း အစီအစဉ်များကြောင့်လည်း ဆေးနှင့်ဆေးဝါးပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် အကျိုးကျေးဇူးများရရှိခဲ့ပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာခြင်းနှင့် အရေးကြီးဆေးဝါးများ လှူဒါန်းမှုများကြောင့်လည်း ဆေးဝါးတင်ပို့မှုမှာ မြင့်မားလာပါကြောင်း၊ ရေနံဈေးနှုန်းများမြင့်တက်လာမှုကြောင့် ရေနံထွက်ကုန်ပစ္စည်းတင်ပို့မှုတိုးတက်လာခြင်းနှင့်အတူ ငွေကြေး ဖောင်းပွမှုကို လျှော့ချပေးနိုင်ခဲ့သောကြောင့် ပို့ကုန်ကဏ္ဍသည် အလားအလာကောင်းများစွာရှိနေပါကြောင်း The Economic Times သတင်းစာက သုံးသပ်ထားပါသည်။

ပိုကုန်တိုးတက်အောင် အဓိက ဆောင်ရွက်ပေးနေသည့်အချက်များ

ကုန်ထုတ်လုပ်မှုစွမ်းဆောင်နိုင်ရည်ကို ခိုင်မာအားကောင်းလာစေခြင်း။ ၂၀၁၄ ခုနှစ်တွင် “Make in India” လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ပြီးနောက် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံသာရှိခဲ့ရာမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ဘဏ္ဍနှစ်တွင် အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံထိ နှစ်ဆနီးပါးတိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးတက်စေခဲ့ပါကြောင်း၊  ထို့အပြင် မော်တော်ယာဉ်ထုတ်လုပ်မှု၊ အီလက်ထရွန်နစ်၊ ဆေးဝါးနှင့်အစားအစာထုတ်ကုန် စသည့်ကဏ္ဍအလိုက် PLI အစီအစဉ်များကလည်း ပြည်တွင်းထုတ်လုပ်မှုများကို နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပမာအားဖြင့်  အဓိကဆိပ်ကမ်းများ၌ ကွန်တိန်နာတင်သင်္ဘောများ၏ ကုန်တင်ကုန်ချကြာမြင့်ချိန်မှာ ၂၀၁၄ ခုနှစ်တွင် ၄၃.၄၄ နာရီကြာမြင့်ရာမှ ၂၀၂၁ ခုနှစ်တွင် ၂၆.၅၈ နာရီသို့ လျှော့ချနိုင်ခဲ့ပါကြောင်း၊ မကြာခင်က ဆောင်ရွက်ခဲ့သော အမျိုးသားထောက်ပံ့ပို့ဆောင်ရေးမူဝါဒဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲမှုများသည် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး အိန္ဒိယထုတ်ကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအညွှန်းကိန်းများအရ အိန္ဒိယနိုင်ငံ၏အဆင့်သည် ၂၀၁၄ ခုနှစ်တွင် အဆင့် ၅၄ နေရာတွင်ရှိရာမှ ၂၀၁၈ ခုနှစ်တွင် အဆင့် ၄၄ နေရာသို့ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အဆင့် ၃၈ နေရာသို့ တက်လှမ်းနိုင်ခဲ့ပါကြောင်း၊ အထက်ပါအချက်အလက်များသည် နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်မှုနစ်တိုးတက်မှု၏ ပြယုဒ်တစ်ခုဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများ။    အိန္ဒိယအစိုးရအနေဖြင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအား နိုင်ငံတကာမှ အသိအမှတ်ပြုရန်အထောက်အပံ့ဖြစ်စေမည့် ပို့ကုန်လုပ်ထုံးလုပ်နည်းများကို အဓိကဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့် လိုက်လျောညီထွေရှိစေမည့် ပို့ကုန်ပစ္စည်းများအပေါ်တွင် အခွန်အခသက်သာခွင့်ပေးသည့်အစီအစဉ်များ၊ ပြည်နယ်နှင့်ဗဟိုမှကောက်ခံသည့် အခွန်အခစည်းကြပ်ခြင်းများအတွက် ပေးရန်တန်ဖိုးငွေအပေါ် ပြန်အမ်းခြင်းစသည့်အစီအစဉ်များကို စတင်ခဲ့ခြင်းသည် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ မကြာခင်ကလည်း ပြည်ပနိုင်ငံများသို့ ကုန်စည်များတိုးမြှင့်တင်ပို့နိုင်ရန်အတွက် အဆိုပါအစီအစဉ်များတွင် အကျုံးဝင်သည့်ကုန်စည်ပစ္စည်း ၈၇၃၁ မျိုးမှ ၁၀၄၈၁ မျိုးအထိ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ အဆိုပါကုန်ပစ္စည်းအမျိုးအစားများတွင် ဓါတုပစ္စည်းများ၊ ဆေးဝါးများ၊ အထည်အလိပ်များပါဝင်ပါကြောင်း၊ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် ခရိုင်အလိုက် ပို့ကုန်ဗဟိုဌာနအစီအစဉ်၊ ဝန်ဆောင်မှုလုပ်ငန်းချန်ပီယံအစီအစဉ်များသည်လည်း ကုန်သွယ်မှုကို အရှိန်မြှင့်တင်‌ဆောင်ရွက်ပေးလျက်ရှိကြောင်း The Economics Times သတင်းစာက သုံးသပ်တင်ပြထား ပါသည်။

ကမ္ဘာ့မြင်ကွင်းပြောင်းလဲခြင်း။          ဖွံ့ဖြိုးပြီးစီးပွားရေးလုပ်ငန်းများတွင် တရုတ်အပေါင်းတစ်(China plus one) နည်းဗျူဟာသဘောတရား ကြီးထွားလာခြင်းသည် အိန္ဒိယနိုင်ငံကုန်စည်ပစ္စည်းများ ကမ္ဘာအနှံ့သို့ တင်ပို့ရောင်းချနိုင်သည့် အမှတ်လက္ခဏာဖြစ်ပါကြောင်း၊ နယ်သာလန်၊ ဘရာဇီး၊ ဆော်ဒီအာရေဗျ စသည့်ပို့ကုန်အတွက်အလားအလာကောင်းများရှိသည့် နိုင်ငံများမှ ဝယ်လိုအားတိုးတက်လာသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံသည် မဟာဗျူဟာအရေးကြီးသောနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန်အတွက်လည်း တက်ကြွစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာခင်ကလည်း အိန္ဒိယကုန်ထုတ်လုပ်တင်ပို့သူများအတွက် အထောက်အကူဖြစ်စေမည့် ယူအေအီး၊ သြစတြေးလျနှင့် မော်ရိသျှနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီမှုကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဥပမာအားဖြင့် အိန္ဒိယ- သြစတြေးလျ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးသဘောတူညီချက်သည် နှစ်နိုင်ငံကုန်သွယ်မှုတွင် ၂၀၃၅ ခုနှစ်၌ စုစုပေါင်းအမေရိကန်‌ဒေါ်လာ ၄၅ ဘီလီယံမှ ၅၀ ဘီလီယံအတွင်းရှိမည်ဟု ခန့်မှန်းထားပါကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိရပါသည်။

၂၀၃၀ ခုနှစ်တွင် ပို့ကုန်ကုန်သွယ်မှုမှ ၁ ထရီလီယံတင်ပို့နိုင်ရေးလမ်းကြောင်း

အရှေ့တောင်အာရှနိုင်ငံများမှ သင်ယူရမည့် အဓိကအချက်များ။    ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာသို့ ပို့ကုန်တင်ပိုမှုတွင် အိန္ဒိယနိုင်ငံမှ ၂.၁ ရာခိုင်နှုန်းပါဝင်ထားသကဲ့သို့ ကမ္ဘာကုန်သွယ်မှုပုံစံတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်တိုင်ပိုမိုမှုပေါ်လွင်မှုရှိစေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှုအခွင့်အလမ်းများတွင် အကျိုးအမြတ်ရရှိနေသည့် အရှေ့တောင်အာရှနိုင်ငံများမှ အတွေ့ကြုံများကို မဟာဗျူဟာရေးဆွဲနိုင်ရေးစဉ်းစားရမည်ဖြစ်ပါကြောင်း၊ လုပ်ခလစာသက်သာမှု၊ အခွန်အခသက်သာမှုနှင့် ကုန်သွယ်ဆက်သွယ်မှုကောင်းမွန်ခြင်းတို့သည် ထိုနိုင်ငံများ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ထိုအတူ တရုတ်(ဟောင်ကောင်)၊ စင်္ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သည် တန်ဖိုးမြင့်ကုန်ပစ္စည်းတင်ပို့နိုင်ရေးနှင့် ကုန်ထုတ်လုပ်ရေးတို့အပေါ်တွင် စဉ်ဆက်မပြတ် အလေးထားသည့်နိုင်ငံများဖြစ်ကြပါကြောင်း၊ ဥပမာအားဖြင့် တရုတ်(ဟောင်ကောင်)၏ အဆင့်မြင့်နည်းပညာကုန်စည်ထုတ်လုပ်တင်ပို့မှုသည် ၇၁ ရာခိုင်နှုန်းခန့်ပြီး အိန္ဒိယနိုင်ငံမှာ အဆိုပါကဏ္ဍတွင် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ပါဝင်မှုရှိပါကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင်  အိန္ဒိယနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်ပစ္စည်းများတင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ၊ အီလက်ထရွန်နစ် ကုန်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ သုတေသနဖွဲ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

မူဝါဒလုပ်ထုံးလုပ်နည်းများ ပြောင်းလဲခြင်း။            အိန္ဒိယနိုင်ငံသည် ပို့ကုန်ပုံစံပြောင်းလဲရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲခြင်းများကို သိသာထင်ရှားစွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပမာအားဖြင့် နိုင်ငံခြားကုန်သွယ်မှုမူဝါဒသည် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါမူဝါဒတွင် အဓိကအားဖြင့် အိန္ဒိယရူပီးငွေကြေးကို နိုင်ငံတကာတွင် အသုံးပြုနိုင်ရေး၊ ဒီဂျစ်တယ်ပြုပြင်ပြောင်းလဲမှုများ၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် မူဝါဒဆိုင်ရာ အဆင့်မြင့်တင်ခြင်း စသည့်အဓိကအချက်အလက်များပါဝင်ပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် တည်ရှိပြီးဖြစ်သော ပို့ကုန်မြှင့်တင်ရေးအဖွဲ့အစည်းများစွာအစား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် ပွင်းလင်းမြင်သာမှုရှိစေရေးအတွက် ကုန်သွယ်မှုအဖွဲ့အစည်းတစ်ခုတည်းဖြင့်အစားထိုးနိုင်ရေး ဖွဲ့စည်းဆောင်ရွက်ရန်လည်း စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် ပုံမှန်ကောက်ခံနေကြဖြစ်သော အခွန်အခများကို ပြင်ဆင်ရန်လည်း စဉ်းစားနိုင်ကြောင်းဖော်ပြထားပါသည်။

ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ

ပြီးခဲ့သည့်နှစ်များက မူဝါဒပိုင်းနှင့် ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ချက်များသည် ကုန်ထုတ်လုပ်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီး ပို့ကုန်ကို မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုအတူ အစိုးရအနေဖြင့် PLI အစီအစဉ်အောက်တွင် ရန်ပုံငွေထုတ်ပေးမှုဆိုင်ရာ ရှုပ်ထွေးနေမှုများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထုတ်ပေးမှုမှာ အမေရိကန်ဒေါ်လာ ၃၅၀ မီလီယံခန့်ရှိမည်ဟု ခန့်မှန်းထားပါကြောင်းနှင့် ထိုပမာဏသည် အဆိုပါအစီအစဉ်အောက်ရှိ မတည်ရင်းနှီးငွေ၏ ၁.၄ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ထိုပမာဏထဲမှ ပျမ်းမျှအမေရိကန်ဒေါ်လာသန်း ၂၀၁ သန်းခန့်မှာ အိလစ်ထရွန်နစ်ကဏ္ဍသို့ ခွဲဝေပေးသွားမည်ဖြစ်ပါကြောင်း၊ အီလက်ထရွန်နစ်ကုန်စည်အများစုမှာ အကျိုးအမြတ်များစွာရရှိသည်ဖြစ်ရာ ထိုကဲ့သို့ဦးစားပေးဆောင်ရွက်ပေးခြင်းအားဖြင့် တန်ဖိုးမြှင့်ကုန်စည်တင်ပို့မှုကို အဓိကကူညီရာလည်းဖြစ်မည်ဖြစ်ပါကြောင်း၊ PLI အစီအစဉ်ကို ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုဈေးကွက်အခွင်အလမ်းများမှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံရရှိအောင် ကူညီပေးနိုင်မည်ဖြစ်ပါကြောင်းဖြင့် အကြံပြုတင်ပြထားပါသည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် များစွာသောလူငယ်များအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကိုလည်း အဓိကထားဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုဆိုင်ရာ အစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ကျွမ်းကျင်လုပ်သားဆိုင်ရာ အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုအစုအဖွဲ့များကို ဆက်လက်အလေးထားပြီး စီးပွားရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်လျှင် ၂၀၃၀ ခုနှစ်မတိုင်မီ ပို့ကုန်ကုန်သွယ်မှုမှ အမေရိကန်‌ဒေါ်လာ ၁ ထရီလီယံရရှိရေးမျှော်မှန်းချက်သည် လမ်းကြောင်းမှန်ပေါ်တွင် ရောက်ရှိနေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားပါသည်။

Source: India’s exports: What worked and how can we achieve the $ 1 trillion target?, The Economics Times, May 27 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)