India (Delhi)

ကမ္ဘာ့ကုန်သွယ်မှု၏ ဆေးဝါး၊ ကျောက်မျက်ရတနာနှင့် ဖိနပ်မျိုးစုံကဏ္ဍတွင် အိန္ဒိယနိုင်ငံ၏ တင်ပို့နိုင်မှုမှာ ၂၀၂၂ ခုနှစ်တွင် ကျဆင်းခဲ့

Last Updated:

ကမ္ဘာ့ကုန်သွယ်မှု၏ ဆေးဝါး၊ ကျောက်မျက်ရတနာနှင့် ဖိနပ်မျိုးစုံ စသည့်ကဏ္ဍများတွင် အိန္ဒိယနိုင်ငံ၏ တင်ပို့မှုမှာ  ၂၀၁၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရေနံထွက်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ သံနှင့်သံမဏိပစ္စည်းများနှင့် အလူမီနီယံပစ္စည်းများတင်ပို့မှုတွင် တိုးတက်လာသည်ဟု ကမ္ဘာ့ကုန်သွယ်ရေးလေ့လာရေးအဖွဲ့(Global Trade Research Initiative - GTRI) ၏တင်ပြချက်များတွင် ဖော်ပြထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အဝတ်အထည်၊ သားရေပစ္စည်း၊  ရူးဖိနပ်နှင့် ရေထွက်ကုန်ပစ္စည်းကဲ့သို့သော ကဏ္ဍများတွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာဈေးကွက်ဝင်ရောက်နိုင်မှုမှာ ဈေးနှုန်းထက် အရည်အသွေးပိုင်းဆိုင်ရာအခက်အခဲများကြောင့် ကျဆင်းခဲ့ပါကြောင်း၊ သို့ရာတွင် ကမ္ဘာ့ကုန်သွယ်မှုတွင် အိန္ဒိယနိုင်ငံ၏ အီလက်ထရွန်နစ်ကုန်ပစ္စည်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်း၊ မိုဘိုင်းဖုန်း၊ လျှပ်စစ်ပစ္စည်းနှင့် စက်ယန္တရားများတိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်းနှင့် အဆိုပါကုန်ပစ္စည်းအုပ်စုများသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အမေရိကန်‌ဒေါ်လာ ၆ ထရီလီယံထက်‌ကျော်လွန်သဖြင့် အရေးကြီးသည့်ကဏ္ဍဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် သမိုင်းအစဉ်အလာအားဖြင့် အဆိုပါကုန်ပစ္စည်းများထုတ်လုပ်တင်ပို့မှု နည်းပါးခဲ့သော်လည်း ယခုအခါတိုးတက်အောင်မြင်လျက်ရှိသည်ဟု GTRI အား ပူးတွဲတည်ထောင်သူ Ajay Srivastara က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

၂၀၁၅ ခုနှစ်၌ အဆိုပါကုန်စည်များဖြစ်သည့် စက်ယန္တရားများနှင့် အီလက်ထရွန်နစ်ပစ္စည်းများပါဝင်မှုမှာ ၀.၇၅ ရာခိုင်နှုန်းနှင့် ၀.၄ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု၌ အိန္ဒိယနိုင်ငံ၏ပါဝင်မှုမှာ ၁.၈ ရာခိုင်နှုန်းရှိလာပါကြောင်း၊  ၇ နှစ်ကြာပြီးနောက် ယခုအချိန်တွင် အဆိုပါကုန်ပစ္စည်းများ၏ကမ္ဘာ့ကုန်သွယ်မှုတွင် အနည်းငယ်သိသိသာသာတိုးတက်လာခြင်းဖြစ်သည်ဟု GTRI ၏ စာတမ်းတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ဆေးဝါးပစ္စည်းထုတ်ကုန်များတွင် အရည်အသွေးပိုင်းဆိုင်ရာပြဿနာကြီးကြီးမားမား မရှိသော်လည်း ပုဇွန်ဆိတ်နှင့်ပုဇွန်ထုတ်ကဲ့သို့သော ရေထွက်ကုန်များတွင် သက်ရောက်မှုများရှိပါကြောင်း၊ အထက်ပါရေထွက်ကုန် ပစ္စည်းများတွင် ဘက်တီးရီးယားရောဂါပိုးတစ်မျိုးဖြစ်သည့် salmonella များတွေ့ရှိရသောကြောင့် နိုင်ငံများစွာက ငြင်းပယ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အိန္ဒိယထုတ်ကုန်များ၏ ဂုဏ်သတင်းကို အဟန့်အတားဖြစ်စေပြီး ကုန်အမှာစာကျဆင်းမှုများကိုဖြစ်စေနိုင်သည့် အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များကို ပြည်တွင်း၌ သေချာစွာစိစစ်ဆောင်ရွက်ခြင်းဖြင့် ပြည်ပနိုင်ငံများ၏ ငြင်းပယ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အရည်အသွေးပိုင်းဆိုင်ရာ ကိစ္စရပ်များသည် အိန္ဒိယနိုင်ငံ၏ လက်ဖက်ခြောက်တင်ပို့မှုတွင်လည်းရှိနေပါကြောင်း၊ အန္ဒိယနိုင်ငံမှ လက်ဖက်ခြောက်တင်သွင်းသည့် နိုင်ငံများက အပင်ပိုးမွှားရောဂါကင်းရှင်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် သတ်မှတ်ထားသည့်ပမာဏထက် ကျော်လွန်သည့် ပိုးသတ်ဆေးများ ကျန်ရှိနေသည်ဟု ပြောဆိုနေကြပါကြောင်း၊ ထို့ကြောင့် ကဏ္ဍအလိုက်အရည်အသွေးပိုင်းဆိုင်ရာ အခက်အခဲများကိုဖြေရှင်းပြီး ကမ္ဘာ့ဈေးကွက်တွင် နေရာရရှိအောင် ကြိုးစားဆေင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း GTRI စာတမ်းတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင်လည်း အရည်အသွေးနိမ့်ကျသည့် တစ်ခါသုံးချောင်းဆိုးပျောက်ဆေးရည်များကြောင့် ဂုဏ်သတင်းအပေါ် ကြီးမားစွာသက်ရောက်မှုများရှိနေပါကြောင်း၊ ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှုတွင် လက်ရှိအခြေအနေအား ထိန်းထားနိုင်ရန်အတွက် အရည်အသွေးပိုင်းဆိုင်ရာကိစ္စများကို ဦးစားပေးဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးကုန်ကြမ်းများတင်သွင်းမှု အလွန်အမင်းမှီခိုနေရခြင်းမှ လျှော့ချနိုင်ရန်လိုအပ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ဆေးဝါးတင်ပို့မှုသည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုတွင် ၂.၇၉ ရာခိုနှုန်းပါဝင်ရာမှ ၂၀၂၂ ခုနှစ်တွင် ၂.၂၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု GTRI စာတမ်းတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

ကျောက်မျက်ရတနာတင်ပို့မှုတွင်လည်း ၂၀၁၅ ခုနှစ်၌ ၇.၄၇ ရာခိုင်နှုန်းအထိ ပါဝင်ရာမှ ၂၀၂၂ ခုနှစ်တွင် ၄.၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ငါးနှင့်အခွံမာရေနေသတ္တဝါများ၊ သားရေပစ္စည်းများ၏ ကမ္ဘာ့ကုန်သွယ်မှုတွင်ပါဝင်မှုမှာလည်း ၂၀၁၅ ခုနှစ်တွင် ၄.၇၇ ရာခိုင်နှုန်းနှင့် ၃.၆၅ ရာခိုင်နှုန်းအသီးသီးရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၄.၅၂ ရာခိုင်နှုန်းနှင့် ၂.၉၂ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းခဲ့ပါကြောင်း၊ အခြားတစ်ဘက်တွင်လည်း အိန္ဒိယနိုင်ငံ၏ မော်တော်ယာဉ်အစိတ်အပိုင်းပစ္စည်းများတင်ပို့မှုမှာ ကမ္ဘာ့ကုန်သွယ်မှုတွင် ၂၀၁၅ ခုနှစ်၌ ၁.၁၁ ရာခိုင်နှုန်းသာပါဝင်ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၁.၃၂ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ အလားတူ သံနှင့်သမဏိပစ္စည်း၊ အလူမီနီယံထုတ်ကုန်ပစ္စည်းများ၏ ကမ္ဘာ့ကုန်သွယ်မှုတွင်ပါဝင်မှုမှာ ၂၀၁၅ ခုနှစ်တွင် ၁.၉၈ ရာခိုင်နှုန်းနှင့် ၁.၆၉ ရာခိုင်နှုန်းအသီးသီးရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂.၆၆ ရာခိုင်နှုန်းနှင့် ၃.၅၅ ရာခိုင်နှုန်းအသီးသီးတိုးတက်လာသည်ဟု GTRI စာတမ်းတွင် ဖော်ပြထားကြောင်း The Economics Times သတင်းစာက ဖော်ပြထားပါသည်။

Source: India’s export share in world trade in pharma, G&J, footwear dips in 2022: GTRI, The Economic Times, 26 May 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)