Japan

၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဂျပန်အစိုးရ၏ ယန်း ၁၁၄ ထရီလီယံ စံချိန်တင် ဘတ်ဂျက်တောင်းခံမှုအား ဂျပန်လွှတ်တော်က အတည်ပြု

Last Updated:

        ငွေကြေးဖောင်းပွမှုကြောင့် ရုန်းကန်နေရသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အထောက်အပံ့ဖြစ်စေရန်နှင့် အိမ်နီးချင်းနိုင်ငံများ၏ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ရေး ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတင်သည့် ဘဏ္ဍာနှစ်အသစ်တွင် အစိုးရ၏ ဂျပန်ယန်း ၁၁၄.၃၈ ထရီလီယံ စံချိန်တင်အသုံးစရိတ်တင်ပြတောင်းခံမှုကို လွှတ်တော်က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း ဖော်ပြထားပါသည်။

        အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၃ ခုနှစ်တွင် စံချိန်တင်အမြင့်ဆုံးအဖြစ် ယန်း ၆.၈၂ ထရီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်မှစ၍ လာမည့် ၅ နှစ်အတွင်း ဂျပန်နိုင်ငံအနေဖြင့် ယန်း ၄၃ ထရီလီယံသုံးစွဲကာ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့ကို ရင်ဆိုင်နိုင်ရန်အတွက် နိုင်ငံ၏ကာကွယ်ရေးအခြေအနေကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအစိုးရအနေဖြင့် နိုင်ငံ၏နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို လက်ရှိသုံးစွဲနေသည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)၏ ၁ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းသို့ နှစ်ဆ တိုးမြှင့်ရန် ရည်မှန်းလုပ်ဆောင်လျက်ရှိပါသည်။

          ၂၀၂၃ ခုနှစ်အတွက် လွှတ်တော်က ခွင့်ပြုထားသည့် ဘဏ္ဍာငွေ ဂျပန်ယန်း ၁၁၄.၃၈ ထရီလီယံ၏ သုံးပုံတစ်ပုံနီးပါးဖြစ်သည့် ဂျပန်ယန်း ၃၆.၈၉ ထရီလီယံကို လူမှုဖူလုံရေးအတွက် သုံးစွဲသွားမည်ဖြစ်ပါသည်။

        ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၁.၀၃ ရာခိုင်နှုန်းရှိနိုင်ကြောင်း Japan Center for Economic Research က ခန့်မှန်းထားပါသည်။ ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်အဖြစ် ဧပြီလတွင် စတင်တာဝန်ထမ်းဆောင်မည့် စီးပွားရေးပညာရှင် Kazuo Ueda က ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၃ ခုနှစ်အတွင်း အစိုးရ၏ မျှော်မှန်းနှုန်းဖြစ်သည့် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းနိုင်ကြောင်းခန့်မှန်းထားပါသည်။ သို့သော် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် ကုန်စည်ဈေးနှုန်းများ မြင့်တက်နိုင်သည့်အတွက် ဂျပန်အိမ်ထောင်စုများအနေဖြင့် စားသောက်ကုန်အတွက် ပျမ်းမျှအားဖြင့် ယန်း ၆၀,၀၀၀ ပိုမို၍ သုံးစွဲရနိုင်မည်ဖြစ်ကြောင်း Mitsubishi UFJ Research and Consulting က ခန့်မှန်းထားပါသည်။

        ဝန်ကြီးချုပ်ခီရှိဒအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၌ ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ စီးပွားရေးပြန်လည်ကောင်းမွန်စေရေးအတွက် ယန်း ၄၅ ထရီလီယံ သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှား-ယူကရိန်းပဋိပက္ခတို့ကြောင့် အစိုးရ၏ အသုံးစရိတ်များ များပြားခဲ့သဖြင့် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဆိုးဆုံးဖြစ်ခဲ့ပြီး ကြွေးမြီမှာ ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)၏ နှစ်ဆကျော်ဖြစ်ခဲ့ပါသည်။

         ဂျပန်အစိုးရအနေဖြင့် အစိုးရအသုံးစရိတ်ကို မြှင့်တင်နိုင်ရန်အတွက် ယန်း ၃၅.၆၂ ထရီလီယံတန်ဖိုးရှိ အစိုးရငွေတိုက်စာချုပ်များ ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ ဝန်ကြီးချုပ်ခီရှိဒကအစိုးရအနေဖြင့် အစိုးရဝင်ငွေများ ပိုမိုတိုးမြှင့်ရရှိနိုင်ရန်အတွက် အခွန်အခများကို ပိုမိုတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

       ၂၀၂၃ ခုနှစ်တွင် ကပ်ရောဂါနှင့် ငွေကြေးဖောင်းပွမှုအတွက် အရေးပေါ်အသုံးစရိတ်အဖြစ် ယန်း ၅.၅ ထရီလီယံ ထည့်သွင်းလျာထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ်တွင် သီးသန့်ရန်ပုံငွေ ယန်း ၁၁.၇၆ ထရီလီယံ ထည့်သွင်းလျာထားခဲ့သည့်အနက် ယန်း  ၂.၂၂  ထရီလီယံကို ငွေကြေးဖောင်းပွမှု လျော့ပါးသက်သာစေရန်အတွက် သုံးစွဲသွားမည်ဖြစ်ပြီး အဆိုပါငွေမှ ဝင်ငွေနည်းပြည်သူများကို ငွေကြေးထောက်ပံ့ခြင်း၊ လျှပ်စစ်မီးနှင့် ဂက်စ်အတွက် ပေးဆောင်ရသည့် ကုန်ကျငွေများကို အစိုးရမှ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် သီးသန့်ရန်ပုံငွေ ၁၁.၇၆ ထရီလီယံမှ ပိုလျှံငွေများကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲသွားမည်ဖြစ်ကြောင်း Dai-ichi Life Research Institute မှ အကြီးတန်းစီးပွားရေးပညာရှင် Takuya Hoshino က ပြောကြားထားပါသည်။

Source : Japan Today (29-3-2023)

(စီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan