Japan

ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် Chip ထုတ်လုပ်ရောင်းချမှုကို သုံးဆတိုးမြှင့်ကာ ယန်း ၁၅ ထရီလီယံရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်

Last Updated:

            ဂျပန်အစိုးရအနေဖြင့် ဆီမီးကွန်ဒက်တာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရောင်းချသည့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် ထုတ်လုပ်မှုကို သုံးဆတိုးမြှင့်ကာ ၂၀၃၀ ပြည့်နှစ်တွင် ယန်း ၁၅ ထရီလီယံရရှိအောင် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက ဧပြီလ ၃ ရက်နေ့တွင် ပြောကြားထားပါသည်။

         အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၌ အဓိကကျသည့် နည်းပညာထုတ်ကုန်များ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်အပေါ် ယှဉ်ပြိုင်မှုများပြင်းထန်လာပြီးနောက် အစိုးရမှ ထိုသို့ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါရည်မှန်းချက်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြင်ဆင်ထုတ်ပြန်မည့် ဆီမီးကွန်ဒက်တာမဟာဗျူဟာတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အစိုးရ၏ရည်မှန်းချက် ပြည့်မီရန်အတွက် လာမည့် ၁၀ နှစ်အတွင်း သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများအပါအဝင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ယန်း ၁၁ ထရီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်း စက်မှုဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။

        ဂျပန်အစိုးရအနေဖြင့် ဆီမီးကွန်ဒက်တာနှင့်ဒစ်ဂျစ်တယ်လုပ်ငန်းဆိုင်ရာ မဟာဗျူဟာကို ၂၀၂၁ ခုနှစ်တွင် ရေးဆွဲထားပြီးဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါနှင့် ရုရှား-ယူကရိန်းပဋိပက္ခတို့၏ သက်ရောက်မှုများကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့ပြီး ဆီမီးကွန်ဒက်တာအပါအဝင် အခြားသောမရှိမဖြစ်အရေးပါသည့် ကုန်စည်များ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်မှုအပေါ် ထိခိုက်မှုမရှိစေရေးအတွက် အစိုးရအနေဖြင့် ဆီမီးကွန်ဒက်တာနှင့်ဒစ်ဂျစ်တယ်လုပ်ငန်းဆိုင်ရာမဟာဗျူဟာကို ပြင်ဆင်ထုတ်ဝေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဖော်ပြထားပါသည်။

          ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ Chip နှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရောင်းချမှုမှ ယန်း ၅ ထရီလီယံနီးပါးရရှိခဲ့ပြီး အစိုးရ၏ထုတ်ပြန်ချက်များအရ ကမ္ဘာ့ထုတ်လုပ်ရောင်းချမှု၏ ၁၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။                                                                

          အစိုးရအနေဖြင့် Toyota Motor Corp နှင့် Sony Group Corp တို့၏ ပံ့ပိုးမှုဖြင့် ၂၀၂၂ ခုနှစ်တွင် အသစ်တည်ထောင်ခဲ့သည့် Rapidus Corp., ကို ယန်း ၇၀ ဘီလီယံ ပံ့ပိုးပေးခြင်းအားဖြင့် ဂျပန်နိုင်ငံအတွင်း Chip ထုတ်လုပ်မှုကို ထိခိုက်မှုမရှိစေရေး လိုအပ်သည်များ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ Rapidus Corp., အနေဖြင့် အမေရိကန်နိုင်ငံမှ IBM Corp နှင့်ပူးပေါင်း၍ နောက်ဆုံးပေါ်နည်းပညာများဖြင့် ၂ နာနိုမီတာ Chip များကို ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

        ထို့အတူ ထိုင်ဝမ်မှ ဆီမီးကွန်ဒက်တာထုတ်လုပ်သည့် ကုမ္ပဏီနှင့် တိုကျိုအခြေစိုက် Flash Memory ထုတ်လုပ်သူ Kioxia Corp တို့အနေဖြင့် ဂျပန်အစိုးရ၏ ပံ့ပိုးမှုဖြင့် Kumamoto နှင့် Mie စီရင်စုများတွင် စက်ရုံများတည်ဆောက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံ၏ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် စက်ရုံအသစ်များ တည်ဆောက်ရာ၌ ယန်း ၅၆၈.၉ ဘီလီယံနီးပါးအထိ ငွေကြေးပံ့ပိုးပေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : Japan Today (4-4-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan