India (Delhi)

MSMEs များ၏ E-Commerce တင်ပို့မှုမြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံခြားကုန်သွယ်ရေး အထွေထွေညွှန်ကြားမှုဦးစီးဌာနနှင့် Amazon တို့လက်မှတ်ရေးထိုး

Last Updated:

ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် e-commerce မှတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရန်အတွက် ခရိုင် ၂၀ ရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)အား သင်တန်းများပေးဆောင်ရန် e-commerce လုပ်ငန်းအဓိကဆောင်ရွက်သူ Amazon နှင့် နားလည်မှုစာချွန်လွှာတစ်စောင်ကို ပြီးခဲ့သည့်ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊  နားလည်မှုစာချွန်လွှာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုမူဝါဒ ၂၀၂၃ တွင်ဖော်ပြထားသည့် ပို့ကုန်ဗဟိုခရိုင်(District as Exports Hub)စီမံချက်အရ DGFT မှ သတ်မှတ်ရွေးချယ်ထားသည့် ခရိုင်များတွင် MSMEs များအတွက် စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို Amazon နှင့် နိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)တို့က ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။

Amazon သည် စွမ်းရည်မြှင့်တင်ခြင်းကဏ္ဍတွင် MSMEs လုပ်ငန်းများအား ပုံရိပ်ဖော်ခြင်း၊ ၎င်းတို့၏ထုတ်ကုန်များကို ဒစ်ဂျစ်တယ်စာရင်းပြုစုခြင်း၊ အခွန်ဆိုင်ရာအကြံပေးခြင်း စသည်တို့ကိုသင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် အသေးစား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)နှင့် နိုင်ငံတွင်းမှ e-commerce တင်ပို့မှုကို မြှင့်တင်ရန်အတွက် DGFT သည် ခရိုင်များကို Export Hubs များအဖြစ် မြှင့်တင်ရန်နှင့် နိုင်ငံမှ e-commerce တင်ပို့မှုများကို မြှင့်တင်ရန်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါနားလည်မှုစာချွန်လွှာကို  DGFT ညွှန်ကြားရေးမှူးချုပ် Santosh Sarangi နှင့်  Chetan Krishnaswamy (ဒုတိယဥက္ကဌ၊ Public Policy Amazon)နှင့် Bhupen Wakankar (ဒါရိုက်တာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု Amazon India) တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းစီမံချက်သည် ကျေးလက်နှင့် ဝေးလံခေါင်သီသော ခရိုင်များတွင်ပင် ဒေသတွင်းထုတ်လုပ်သူများကို ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များနှင့် ချိတ်ဆက်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုသည် ပို့ကုန်လုပ်ငန်းရှင်များ/MSMEs များအား ၎င်းတို့၏ Made in India ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာရှိဖောက်သည်များထံ ရောင်းချနိုင်ရန်ဖြစ်ကြောင်း၊  အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် MSMEs များကို အလားအလာရှိသော နိုင်ငံတကာဝယ်လက်များလက်လှမ်းမီစေရန် ပံ့ပိုးကူညီရန် e-commerce ပလပ်ဖောင်းများကို အသုံးချရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

Amazon India နှင့် နားလည်မှုစာချွန်လွှာအရ စွမ်းရည်မြှင့်တင်ရေးအတွက် ခရိုင် ၂၀ ကို ရွေးချယ်ထားကြောင်း၊ DGFT သည် Flipkart/Walmart၊ Ebay, Rivexa, Shopclues, Shiprocket, DHL Express ကဲ့သို့သော e-commerce ပလပ်ဖောင်းအမျိုးမျိုးနှင့်လည်း ကျန်ရှိသည့်ခရိုင်များကို စွမ်းဆောင်ရည်မြှင့်တင်မှုများဆောင်ရွက်နိုင်ရန်အတွက်  ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ယခုဆောင်ရွက်ချက်သည် အိန္ဒိယမှ ပို့ကုန်အသစ်များ၊  ပထမအကြိမ်တင်ပို့ရောင်းချသူများနှင့် အခြား MSME ထုတ်လုပ်သူများကို မြှင့်တင်ပေးကာ ၂၀၃၀ ခုနှစ်တွင် ကုန်စည်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ထရီလီယံရရှိရေးပန်းတိုင်အား ရရှိအောင်မြင်စေရန်အတွက် DGFT ၏ ကြီးမားသည့်ကြိုးပမ်းဆောင်ရွက်ချက်တစ်ခုဖြစ်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ပို့ကုန်မြှင့်တင်ရေးအတွက် MSME လုပ်ငန်းများအား Amazon အပါအဝင် E-Commerce လုပ်ငန်းများနှင့်ချိတ်ဆက်၍ ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေးတင်ပြလိုက်ရပါသည်။

Source : DGFT, Amazon ink MoU to promote MSMEs’ ecommerce exports, The Economic Times, November 23, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)