Japan

ဂျပန်အစိုးရအနေဖြင့် သန့်ရှင်းသော ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံကျော် ထောက်ပံ့သွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် သန့်ရှင်းသော ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ ပြည်တွင်း၌ စွမ်းအင်ထုတ်လုပ်မှုကွင်းဆက်ကို တည်ဆောက်နိုင်ရေးအတွက် လာမည့် ၁၅ နှစ်အတွင်း ယန်း ၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀.၃ ဘီလီယံ) ထောက်ပံ့သွားရန် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအနေဖြင့် ကာဗွန်ကင်းစင်ရေးဆောင်ရွက်လျက်ရှိသည့်အတွက် ဟိုက်ဒရိုဂျင်ကို စွမ်းအင်အရင်းအမြစ်အဖြစ် သုံးစွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဟိုက်ဒရိုဂျင်သည် စွန့်ပစ်ပစ္စည်းအနေဖြင့် ရေကိုသာ ထုတ်လွှတ်ကြောင်း၊ သို့သော် ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့် ကုန်ကျစရိတ်မှာ သဘာဝဓာတ်ငွေထုတ်လုပ်သည့် ကုန်ကျ စရိတ်ထက် ၁၀ ဆ ကျော်များပြားကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ကုမ္ပဏီများကို ထောက်ပံ့ငွေပေးအပ်ရာတွင် ပိုမို၍သန့်ရှင်းသည့် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုပုံစံပေါ်မူတည်၍ Green Hydrogen နှင့် Blue Hydrogen ဟူ၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားကြောင်း၊ လက်ရှိတွင် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှလည်း ဟိုက်ဒရိုဂျင်ထုတ်လုပ်လျက်ရှိကာ အဆိုပါထုတ်လုပ်မှုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ စွန့်ထုတ်လျက်ရှိကြောင်း၊ ထိုသို့သောထုတ်လုပ်မှုပုံစံကို Gray Hydrogen ဟူ၍ သတ်မှတ်ထားကြောင်း၊  သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ဟိုက်ဒရိုဂျင်ထုတ်လုပ်ရာတွင် ထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖမ်းယူသိုလှောင်သည့်အဆင့်ပါဝင်သည့် ထုတ်လုပ်မှုပုံစံကို  Blue Hydrogen ဟု ခေါ်ဆိုပြီး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာနှင့်လေကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို အသုံးပြုခြင်းဖြင့် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို Green Hydrogen ဟု သတ်မှတ်ထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ဟိုက်ဒရိုဂျင် ၁ ကီလိုဂရမ်ထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမှာ ၃.၄ ကီလိုဂရမ်နှင့်အောက်ရှိသည့်  ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့် လုပ်ငန်းများကိုသာ ထောက်ပံ့ကြေးပေးသွားရန်  ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ အစိုးရ၏ ထောက်ပံ့ကြေးငွေရရှိနိုင်မည့် လုပ်ငန်းများမှာ ပြည်တွင်း၌ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ပြည်ပမှ ဟိုက်ဒရိုဂျင်တင်သွင်း၍ ပြည်တွင်း၌ ပြန်လည်ရောင်းချသည့်လုပ်ငန်းများ ပါဝင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရမှ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုအပေါ် ထောက်ပံ့ကြေးပေးသွားမည့် အစီအစဉ်ပါဝင်မည့် ဥပဒေမူကြမ်းကို လွှတ်တော်၏ပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီး ဥပဒေအဖြစ် အတည်ပြုပြီးပါက ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအဆိုပြုလွှာတင်ပြရမည်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အစိုးရထံမှ ထောက်ပံ့ငွေရရှိမည့် ကုမ္ပဏီများစာရင်းကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ပြည်တွင်း၌ ဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်မှုကို လက်ရှိထုတ်လုပ်နိုင်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်တိုးမြှင့်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ဟိုက်ဒရိုဂျင်တန်ချိန် ၃ သန်းထုတ်လုပ်နိုင်ရေးနှင့် ၂၀၅၀ ပြည့်နှစ်တွင် တန်ချိန်သန်း ၂၀ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရ၏ထောက်ပံ့ကြေးရရှိမည့် ကုမ္ပဏီများအနေဖြင့် ဟိုက်ဒရိုဂျင်ကို ၂၀၃၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ထုတ်လုပ်ပေးရန်လိုအပ်မည်ဖြစ်ပြီး၊ ၁၀ နှစ်ဆက်တိုက် ထုတ်လုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ဟိုက်ဒရိုဂျင်လိုအပ်မှုမှာ တန်ချိန် ၈၈.၃ သန်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် တန်ချိန် ၂၈၇ သန်းရှိနိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

 သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၁၃ ခုနှစ်တွင် ရှိခဲ့သည့် ဖန်လုံငွေဓာတ်ငွေ့ပမာဏ၏ ၄၆ ရာခိုင်နှုန်းလျော့ချနိုင်ရေးနှင့် ၂၀၅၀ ပြည့်နှစ်တွင် သုညရာခိုင်နှုန်းသို့ ရောက်ရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ၏ စွမ်းအင်အရင်းအမြစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှုအချိုးကို ၂၀၃၀ ပြည့်နှစ်တွင် ၃၆ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအကြား ရောက်ရှိစေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။

ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်ရေးအတွက် အစိုးရအနေဖြင့် ရေရှည်တည်တံ့သည့် လေယာဉ်ဆီထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု၍ သံမဏိထုတ်လုပ်သည့်ကဏ္ဍ(Green Steel)နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းနှင့် အပင်များကို အသုံးပြု၍ ဓာတုပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ(Green Chemicals)ကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုသွားရန် ဆောင်ရွက်လျက်ရှိပြီး၊ လျှပ်စစ်ယာဉ်တစ်စီးလျှင် ယန်း ၄၀၀,၀၀၀(အမေရိကန်ဒေါ်လာ ၂,၇၄၉)၊ ရေရှည်တည်တံ့သည့် လေယာဉ်ဆီထုတ်လုပ်မှုအတွက် တစ်လီတာလျှင် ၃၀ ယန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု၍ သံမဏိထုတ်လုပ်မှု(Green Steel)အတွက် တစ်တန်လျှင် ယန်း ၂၀,၀၀၀ အခွန်ကင်းလွတ်ခွင့်ပြုသွားရန် ဆောင်ရွက်လျက်ရှိပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး)

Source: The Nikkei Asia

Category: Japan