India (Delhi)

အဏုမြူစွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုရန် အိန္ဒိယနိုင်ငံက စဉ်းစားနေ

Last Updated:

ပိုမိုသန့်စင်သည့် စွမ်းအင်ကဏ္ဍအား တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံက အဏုမြူစွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအား ပိတ်ပင်ထားမှုအား ပယ်ဖျက်သွားရန် စဉ်းစားလျက်ရှိကြောင်းနှင့် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများ၏ပါဝင်မှုကို  ပိုမိုခွင့်ပြုပေး သွားမည်ဟု အစိုးရဌာန သတင်းရင်းမြစ်နှစ်ခုက ပြောကြားထားကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အဆိုပါလုပ်ဆောင်ချက်ကို ဝန်ကြီးချုပ်နာရန်ဒရာမိုဒီဦးဆောင်သည့် အစိုးရအကြံပေးအဖွဲ့ Niti Aayog က ထောက်ခံပေးခဲ့ခြင်းဖြစ်ပါကြောင်း၊  ၁၉၆၂ ခုနှစ်တွင် ပြဌာန်းထားသည့် အိန္ဒိယနိုင်ငံ၏ အဏုမြူစွမ်းအင်ဥပဒေအရ အဏုမြူဓါတ်ပေါင်းဖိုတည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အစိုးရသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ပြည်တွင်းပုဂ္ဂလလိကကုမ္ပဏီများမှာ အဆိုပါအဆောက်အဦများတည်ဆောက်ရာတွင် ကူညီခြင်းနှင့် လိုအပ်သည့်အစိတ်အပိုင်းများ ထောက်ပံ့ပေးသွင်းခြင်းလုပ်ငန်းများကိုသာ ရှယ်ယာအနည်းငယ်ဖြင့် ပါဝင်ခွင့်ပြုပေးထားပါကြောင်း၊ ယခုအခါ အဏုမြူစွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းတွင် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကကုမ္ပဏီများကို အများပိုင်ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ခွင့်ပြုနိုင်ရေး အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ဥပဒေအား ပြင်ဆင်ပြောင်းလဲရန် အကြံပေးအဖွဲ့မှ ထောက်ခံထားပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ရန်နှင့် နေရောင်ခြည်သုံးစွမ်းအင်ထုတ်လုပ်မှုနှင့်မတူဘဲ အချိန်ပြည့်လျှပ်စစ်ဓါတ်အားထုတ်လုပ်ပေးနိုင်မည့် အဏုမြူစွမ်းအင်ကို အာရုံစိုက်နိုင်ရန်ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိများက ပြောကြားထားကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အဏုမြူစွမ်းအင်ဦးစီးဌာန၏ ပြောကြားချက်အရ Westinghouse Electric, GE-Hitachi, Electricite de France နှင့် Rosatom တို့သည် ယခင်က အဏုမြူစွမ်းအင်စီမံကိန်းများတွင် နည်းပညာမိတ်ဖက်၊ ပစ္စည်းထောက်ပံ့ပေးသူ နှင့် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားခဲ့သော်လည်း အိန္ဒိယနိုင်ငံက အဏုမြူစွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးခဲ့ခြင်းမရှိပါကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံ၏လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု၏သုံးရာခိုင်နှုန်းခန့်ရှိသော အငယ်စားအဏုမြူစွမ်းအင်လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Small Modular Reactors- SMRs)မှတစ်ဆင့် အဏုမြူစွမ်းအင်ထုတ်လုပ်သည့် ဓာတ်ပေါင်းဖိုအကြီးများအထိ ပုဂ္ဂလိကကုမ္ပဏီများ၏ ပါဝင်မှုကို အလေးထားသွားမည်ဟု အရာရှိကြီးများကလည်း ပြောကြားထားပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏လျှပ်စစ်ထုတ်လုပ်မှုတွင် ကျောက်မီးသွေးကဏ္ဍ၏ပါဝင်မှုမှာ  လေးပုံ သုံးပုံခန့်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

အထက်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအောက်တွင် တိုက်ရိုက်ဆောင်ရွက်နေသော အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Niti Aaayog အကြံပေးအဖွဲ့တို့အား အီးမေးလ်၊ စာတိုပို့ခြင်းတို့ဖြင့် မေးမြန်းစုံစမ်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါကြောင်း၊ အဏုမြူစွမ်းအင်ဓာတ်ပေါင်းဖိုကြီးများထက် SMR များမှာ တည်ဆောက်ချိန်၊ အရင်းအနှီးနှင့် မြေနေရာလိုအပ်ချက်သက်သာပြီး ၃၀၀ မီဂါဝပ်ထိ ထုတ်လုပ်ပေးနိုင်ခြင်းတို့ကြောင့် ပြောင်းလဲတည်ဆောက်ရန် အသင့်ဖြစ်နေကြောင်း၊ ထို့အပြင် အဆိုပါဓာတ်ပေါင်းဖိုများကို လူဦးရေထူထပ်သည့်နေရာများတွင်အသုံးပြုရန်အတွက် လုံခြုံစိတ်ချရမှုရှိသည်ဟုအရာရှိများကပြောကြားထားကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံတွင် အစိုးရ၏ထိန်းချုပ်မှုဖြင့် အဏုမြူစွမ်းအင်ထုတ်လုပ်သည့် Bharatiya Babhikiya Vidyut Nigam နှင့် အိန္ဒိယအဏုမြူစွမ်းအင်ကော်ပိုရေးရှင်းလိမီတက် (Nuclear Power Corp of India Ltd. - NPCIL) ကုမ္ပဏီ ၂ ခုသာ ရှိပါကြောင်း၊ အစိုးရ၏ထိန်းချုပ်မှုအောက်မှ ကျောက်မီးသွေးအသုံးပြုလျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် ကုမ္ပဏီ NTPC နှင့် ရေနံထွက်ပစ္စည်းထုတ်လုပ်ရောင်းချသည့် India Oil Corp တို့ကလည်း အဏုမြူစွမ်းအင်ထုတ်လုပ်ရန်အတွက် NPCIL နှင့် မိတ်ဖက်ဖွဲ့စည်းထားကြောင်း၊ အိန္ဒိယနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီးဖြစ်သူ Jitendra Singh ကလည်း  နိုင်ငံအနေဖြင့် SMRs ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ခွင့်ကိုလည်း ခွင့်ပြုပေးသင့်သည်ဟု ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ပြောကြားခဲ့ပါကြောင်း၊ အဏုမြူစွမ်းအင်ဦးစီးဌာနကလည်း ထိုလအတွင်း တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များက စိတ်ဝင်စားခဲ့ကြကြောင်း၊ မှန်ကန်သည့် မူဝါဒအား ချမှတ်မှုနှင့်အတူ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုသည် အရေးကြီးပါကြောင်း၊ အကြံပေးအဖွဲ့၏ ထောက်ခံချက်ကို ဝန်ကြီးချုပ်၏ ရုံးအဖွဲ့သို့ ပေးပို့တင်ပြ သွားမည်ဟု အရာရှိတစ်ဦးက ပြောကြားထားပါကြောင်း၊ အစိုးရ အကြံပေးအဖွဲ့က ကျောက်မီး သွေးစက်ရုံအဟောင်းများအစား SMRs များဖြင့် အစားထိုးသွားရန်လည်း အကြံပြုထားပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏အဏုမြူစွမ်းအင်ဖြင့်လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုမှာ လက်ရှိတွင် ၆၇၈၀ မီဂါဝပ်ဖြစ်ပြီး ၂၀၃၁ ခုနှစ်တွင် ၇၀၀၀ မီဂါဝပ်ထုတ်လုပ်နိုင်စွမ်းရှိသည့် ဓာတ်ပေါင်းဖို ၂၁ လုံးထပ်တိုး တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အဏုမြူစွမ်းအင်အား လုံခြုံစိတ်ချစွာအသုံးပြုရေးနိုင်ငံတကာစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း အဆိုပါစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် အဏုမြူဓာတ်ပေါင်းဖိုအတွက် လိုအပ်သည့် ယူရေနီယံလောင်စာကို ရုရှား၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ ပြင်သစ်၊ ကနေဒါတို့နှင့် နှစ်နိုင်ငံချုပ်ဆိုထားသော သဘောတူညီချက်များအောက်မှ တင်သွင်းလျက်ရှိကြောင်း  Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

Source: India considering allowing foreign Investment in nuclear power industry, Business Standard, 5-5-2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)