India (Delhi)

ပဲစဉ်းငုံအဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်  မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်းမှုများ နှောင့်နှေးကြန့်ကြာနေသောကြောင့် အိန္ဒိယနိုင်ငံတွင် ပဲစဉ်းငုံဈေးနှုန်းများမြင့်တက်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် ပဲစဉ်းငုံမက်ထရစ်တန် ၁၅၀,၀၀၀ ထက်မနည်းကို မိုဇမ်ဘစ်နိုင်ငံရှိ ဆိပ်ကမ်းများတွင် နှောင့်နှေးလျက်ရှိကြောင်း၊ လွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ရောင်းချသူများထံမှ အများအပြားတောင်းဆိုမှုများရှိခဲ့သော်လည်း အကောက်ခွန်ဌာန၏ခွင့်ပြုချက်ရရှိရေးအတွက် စောင့်ဆိုင်းနေရသည်ဟု ပဲလုပ်ငန်းမှတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

ကမ္ဘာ့အကြီးဆုံးပဲစဉ်းငုံထုတ်လုပ်သူနှင့် စားသုံးသူဖြစ်သည့် အိန္ဒိယနိုင်ငံသည် ဇန်နဝါရီလတွင် ကောက်ပဲသီးနှံသစ်များမရိတ်သိမ်းမီ တစ်နှစ်တာ၏နောက်ဆုံးသုံးလပတ်အတွင်း ပြည်ပမှတင်သွင်းမှုအပေါ် မှီခိုနေရကြောင်းနှင့်  အိန္ဒိယနိုင်ငံပဲစဉ်းငုံတင်သွင်းမှု၏ ထက်ဝက်ကျော်သည် မိုဇမ်ဘစ်နိုင်ငံမှဖြစ်ကြောင်း၊ တင်ပို့မှုနှောင့်နှေးမှုသည် အိန္ဒိယတွင် စားသုံးမှုအများဆုံးပွဲတော်ရာသီတွင် ပဲဟင်းချက်လုပ်ရန်အသုံးပြုသည့် ပရိုတင်းဓာတ်ကြွယ်ဝသော ပဲစင်းငုံဈေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း သိရသည်။

ပဲစဉ်းငုံများကို ဆိပ်ကမ်းအခြေစိုက်ဂိုဒေါင်များတွင် သိမ်းဆည်းထားရသဖြင့် ရောင်းချသူများသည် သိုလှောင်မှုစရိတ်စကများကို ပေးဆောင်နေရပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရ လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများရှိသော်လည်း မိုဇမ်ဘစ်အကောက်ခွန်ရုံးက ခွင့်ပြုချက်မပေးသကဲ့သို့ အကြောင်းပြချက်လည်း ပြောကြားခြင်းမရှိပါကြောင်းနှင့် ကွန်တိန်နာအလုံး ၂၀၀ ခန့်မှာ ဆိပ်ကမ်းများတွင်ပိတ်မိနေသည်ဟု မိုဇမ်ဘစ်နိုင်ငံအခြေစိုက် Ma'aden Saudi Arabia ၏ဒေသတွင်းလုပ်ငန်းခွဲဖြစ်သော MozGrain Lda မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Suhas Chougule က ပြောကြားခဲ့သည်။

အိန္ဒိယ၏ဈေးကွက်အတွင်း ပဲလျော့နည်းသည့်ကာလအတွင်း တင်သွင်းမှုများနှောင့်နှေးခြင်းကြောင့် ၂ လအတွင်း လက်ကားဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သကဲ့သို့ ယခုလအတွင်း ကျင်းပပြုလုပ်မည့် ပြည်နယ်ရွေးကောက်ပွဲများနှင့် လာမည့်နှစ်အစောပိုင်းတွင် ကျင်းပပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲများမတိုင်မီ အစားအစာဈေးနှုန်းကြီးမြင့်မှုတို့ကို အစိုးရအနေဖြင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ပဲစဉ်းငုံတင်သွင်းသူအနည်းငယ်သည် အိန္ဒိယသို့ ပဲစဉ်းငုံတန်ချိန် ၅၀,၀၀၀ တင်ပို့ခွင့်ကို ရရှိထားကြောင်း ကုန်သည်များက ပြောကြားထားသည်ကို တွေ့ရှိရသည်။

Reuters ၏မေးမြန်းမှုအပေါ် မိုဇမ်ဘစ်စိုက်ပျိုးရေးဝန်ကြီးဌာနက ဖြေကြားရာတွင် အကောက်ခွန်လုပ်ငန်းစဉ်တွင် ကုန်ပစ္စည်းများအတွက် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်များ ၄၀၀ ခန့်မှာ အတု သို့မဟုတ် သံသယဖြစ်ဖွယ်တွေ့ရှိပြီးနောက် ယင်းလုပ်ငန်းစဉ်များကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ ရပ်နားထားခဲ့မှုကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် လိုင်စင်ထုတ်ပေးမှုများကို အောက်တိုဘာလတွင် လိုင်စင်များကို ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း ပြောကြားထားသည်။   

အိန္ဒိယနိုင်ငံတွင် ပဲအဓိကစိုက်ပျိုးသည့်ဒေသများ၌ ဩဂုတ်လနှင့်အောက်တိုဘာလများတွင် မိုးရွာသွန်းမှုလျော့နည်းပြီးနောက် ပဲစင်းငုံအထွက်နှုန်းသည် ၂၀၂၃-၂၀၂၄ ရာသီတွင် အထွက်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားကြပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ  ပဲစဉ်းငုံတန်ချိန် ၁.၂ သန်း တင်သွင်းရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် ယခင်နှစ်တင်သွင်းမှုတန်ချိန် ၈၉၄,၄၂၀ ထက် ပိုမိုမြင့်တက် လာခြင်းဖြစ်သည်ဟု အစိုးရက ခန့်မှန်းထားကြောင်း သိရှိရသည်။

မွမ်ဘိုင်းအခြေစိုက်ပဲမျိုးစုံတင်သွင်းသူ Satish Upadhyay က တင်ပို့မှုနှောင့်နှေးမှုများကြောင့် မကြာသေးမီရက်များအတွင်း တစ်တန်လျှင် ဒေါ်လာ ၁၀၀ စျေးမြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းအထွက်နှုန်းနည်းသဖြင့် ပဲစဉ်းငုံလိုအပ်ချက်ရှိနေသည်ကို မိုဇမ်ဘစ်နိုင်ငံမှ သိရှိထားပြီး အခြေအနေများကို အခွင့်ကောင်းယူနေကြသည်ဟု ပြောကြားထားသည်။

ပြီးခဲ့သောလတွင် အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာအတွင်းရေးမှူး Rohit Kumar Singh နှင့် နယူးဒေလီရှိ မိုဇမ်ဘစ်၏မဟာမင်းကြီး Ermindo A. Pereira တို့ကြား တွေ့ဆုံမှုအတွင်း ပဲစဉ်းငုံတင်ပို့မှုနှောင့်နှေးခြင်းအပေါ် စိုးရိမ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ တွေ့ဆုံမှုအတွင်း Pereira က အိန္ဒိယသို့ ပဲစဉ်းငုံတင်ပို့မှု ချောမွေ့စွာစီးဆင်းမှုရှိစေရန် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း အိန္ဒိယအစိုးရ၏ အောက်တိုဘာ ၂၇ ရက်ထုတ်ပြန်ချက်အရ သိရသော်လည်း မိုဇမ်ဘစ်နိုင်ငံ၏အခြေအနေမှာ မပြောင်းလဲသေးကြောင်း၊ မိုဇမ်ဘစ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအတွက် ပဲစဉ်းငုံလိုအပ်ချက်ရှိမှုအခြေအနေအပေါ် အကျိုးအမြတ်ရရှိစေရန်အတွက် တင်ပို့မှုများကို ကြန့်ကြာအောင်ဆောင်ရွက်နေသည်ဟု အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းဥက္ကဋ္ဌ Bimal Kothari က ပြောကြားထားသည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ၎င်းတို့၏အဓိကလယ်ယာစိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဆန်၊ ဂျုံနှင့် သကြားတို့၏ တင်ပို့မှုများကို ကန့်သတ်ထားရှိသော်လည်း ၎င်းတို့အတွက် အဓိကလိုအပ်သည့် မတ်ပဲ၊ ပဲစဉ်းငုံများ တင်သွင်းမှုများအတွက် တင်ပို့သည့်နိုင်ငံတွင် နှောင့်နှေးကြန့်ကြာမှုများရှိပါက ဈေးကစားခြင်းများဆောင်ရွက်သည်ဟု ပြောဆိုခြင်းများမကြာခဏတွေ့ရှိရပါသည်။ ပြီးခဲ့သည့်နှစ်တွင်လည်း မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစဉ်းငုံတင်ပို့မှုများတွင် ကုန်များအားရောင်းချခြင်းမပြုဘဲ သိုလှောင်ဈေးကစားသည်ဟု စွပ်စွဲပြောကြားခြင်းများရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ရာသီဉတုပြောင်းလဲမှုကြောင့် ပဲအထွက်နှုန်းကျဆင်းသဖြင့် မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစဉ်းငုံအတွက် ဈေးကွက်အခွင့်အလမ်းကြီးမားစွာရှိသော်လည်း ရေရှည်ဈေးကွက်အခွင့်အလမ်းကိုလည်း ကြည့်ရှုဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: India pigeon pea imports from top supplier Mozambique delayed, lifting prices, The Economic Times, 8 November 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူး‌ဒေလီမြို့)

Category: India (Delhi)