India (Delhi)

အိန္ဒိယနိုင်ငံ၏ နှံစားသီးနှံစားနပ်ရိက္ခာများ အခမဲ့ထောက်ပံ့မှုအစီအစဉ်အား သက်တမ်းတိုးမြှင့်ခြင်းသည် ဘဏ္ဍာရေးအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိမည်မဟုတ်ဟု အစိုးရသတင်းအရင်းအမြစ်များက ဖော်ပြ

Last Updated:

အိန္ဒိယနိုင်ငံ၏ နှံစားသီးနှံအစားအစာများ အခမဲ့ထောက်ပံ့မှုအစီအစဉ်အား သက်တမ်းတိုးမြှင့်ခြင်းသည် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များတွင် ဘဏ္ဍာရေးလိုငွေပြမှုအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိမည်မဟုတ်ဟု အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ခုက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက နှံစားသီးနှံအစားအစာများကို လူသန်းပေါင်း ၈၀၀ ကျော်အား ထောက်ပံ့ပေးသည့် လူမှုဖူလုံရေးအစီအစဉ်သည် ယခုနှစ်ဒီဇင်ဘာလတွင် ၅ နှစ်ပြည့်မြောက်ပြီး သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ၎င်း၏အစိုးရသည် ယင်းအစီအစဉ်ကို သက်တမ်းတိုးမည်ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါသက်တမ်းတိုးဆောင်ရွက်မှုအစီအစဉ်သည် လာမည့်နှစ်အထွေထွေရွေးကောက်ပွဲမတိုင်မီ နှံစားသီးနှံဈေးနှုန်းများမြင့်တက်လာခြင်းမှ စားသုံးသူများအား ကာကွယ်ပေးနိုင်ရန်ရည်ရွယ်သော်လည်း အစိုးရ၏အသုံးစရိတ်ပိုမိုမြင့်မားလာစေပြီး အဆိုပါအစီအစဉ်ကို ရေရှည်တည်တံ့စေရန်အတွက် တောင်သူလယ်သမားများထံမှ ဂျုံနှင့်ဆန်များပိုမိုဝယ်ယူရန်လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သက်တမ်းတိုးခြင်းမပြုမီ နှံစားသီးနှံစားနပ်ရိက္ခာများ အခမဲ့ထောက်ပံ့ပေးမှုအစီအစဉ်အတွက် ယခုနှစ်၌ အစိုးရအနေဖြင့် ရူပီး ၂ ထရီလီယံ(ဒေါ်လာ ၂၄.၀၄ ဘီလီယံ)ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း ကောက်ပဲသီးနှံစျေးနှုန်းများမြင့်တင်လာမှုကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရူပီးဘီလီယံ ၅၀ မှ ၇၀ ဘီလီယံကြား ထပ်တိုးသုံးစွဲရန် လိုအပ်သည့်အတွက် အကန့်အသတ်များရှိလာနိုင်ကြောင်း၊ အားလုံးကို ခြုံငုံ၍ပြောရမည်ဆိုပါက နှံစားသီးနှံစားနပ်ရိက္ခာများ အခမဲ့ထောက်ပံ့ပေးမှုအစီအစဉ်အတွက် ငွေကြေးဖောင်းပွနှုန်းသည် အစိုးရ၏စီမံခန့်ခွဲနိုင်သည့် ပမာဏအတွင်းရှိပါကြောင်း၊ သို့ရာတွင် ကျေးလက်အလုပ်အကိုင်အာမခံချက်များအပါအဝင် ပိုမိုမြင့်မားသော အစိုးရအသုံးစရိတ်များသည် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးလိုငွေပြမှုရည်မှန်းချက်ဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၅.၉ ရာခိုင်နှုန်းကို သက်ရောက်မှုရှိနိုင်သည်ဟု အစိုးရအရာရှိတစ်ဦးက ပြောကြားထား သည်။

သို့ဖြစ်ပါ၍ အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်နှင့် အခြေခံပြည်သူလူထု၏သက်သာချောင်ချိရေးအတွက် အစီအစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: No major fiscal impact from extended free food grain scheme: govt source, The Economic Times, November 6 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)