India (Delhi)

အိန္ဒိယနိုင်ငံ၏ သွင်းကုန်ကန့်သတ်ချက်များ၊ ကုန်ထုတ်လုပ်မှုနှင့်ချိတ်ဆက်၍ မက်လုံးပေးဆွဲ‌ဆောင်မှု အစီအစဉ်များနှင့် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် အရည်အသွေးစံနှုန်းများသည် အရေးမကြီးသည့်ကုန်ပစ္စည်းများ၏ တင်သွင်းမှုကို လျှော့ချနိုင်ရန် အကူအညီဖြစ်

Last Updated:

အိန္ဒိယနိုင်ငံတွင် ကုန်ပစ္စည်းအချို့၏ပြည်တွင်းသို့တင်သွင်းခြင်းကို တားမြစ်ခြင်း၊ ထုတ်လုပ်မှုနှင့်ချိတ်ဆက်၍ မက်လုံးပေးသည့်အစီအစဉ်နှင့် မဖြစ်မနေလိုက်နာရမည့် အရည် အသွေးစံနှုန်းများသည် တီဗွီ၊ တာယာများ၊ နံရံကပ်စက္ကူနှင့် AC ဓာတ်ငွေ့ကွန်ပရက်ဆာကဲ့သို့သော ထုတ်ကုန်များတင်သွင်းမှုကို လျှော့ချရန်ကူညီပေးကြောင်း၊ ထို့ပြင် Antidumping နှင့် Countervailing duties ကဲ့သိုသောတန်ပြန်အခွန်ကောက်ခံခြင်းများသည် အရေးကြီးကုန်စည်မဟုတ်သည့်ကုန်ပစ္စည်းများကိုထိန်းချုပ်ရန်နှင့် ပြည်ပမှတင်သွင်းသည့်ပစ္စည်းများကို ပြည်တွင်း၌ အစားထိုးထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည်ဟု အရာရှိတစ်ဦးက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ လေ့လာဆန်းစစ်မှုအရ တာယာတင်သွင်းမှုများကို ကန့်သတ်ချက်များကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၇၆ သန်းထိ တင်သွင်းခဲ့ရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၇၄ သန်းသို့ ကျဆင်းအောင် လျှော့ချနိုင်ခဲ့ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကိုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံကဲ့သို့နိုင်ငံများမှ တင်သွင်းမှုများကို ထိန်းချုပ်ရန်အတွက် အိန္ဒိယအစိုးရသည် မော်တော်ကားများ၊ ဘတ်စ်ကားများ၊ ကုန်တင်ကားများနှင့် မော်တော်ဆိုင်ကယ်များတွင် အသုံးပြုသော pneumatic တာယာအသစ်များတင်သွင်းမှုကို ၂၀၂၀ ခုနှစ် ဇွန်လတွင် တားမြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စက္ကူတင်သွင်းမှုစောင့်ကြည့်ရေးစနစ်(Paper Import Monitoring System-PIMS)ဖြင့် ဆောင်ရွက်မှုကြောင့် နံရံကပ်စက္ကူတင်သွင်းမှုမှာ ယမန်နှစ် ဧပြီလမှ သြဂုတ်လအတွင်း  ကန်ဒေါ်လာ ၄၄ သန်းရှိခဲ့ရာမှ ယခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း တင်သွင်းမှုမှာ ၇၇ ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းသို့ လျော့ကျခဲ့ကြောင်းနှင့် စက္ကူ၊ သတင်းစာစက္ကူ၊ လက်လုပ်စက္ကူနှင့် တစ်ရှူးစက္ကူ စသည့်စက္ကူနှင့်စက္ကူဘုတ်အမျိုးအစား ၂၀၁ မျိုးကို ပြည်တွင်းသို့ တင်သွင်းရန်အတွက် PIMS မှ သွင်းကုန်မှတ်ပုံတင်ခြင်းကို ယမန်နှစ် အောက်တိုဘာလတွင် ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအစီအစဉ်အရ  တင်သွင်းသူတစ်ဦးသည် စာရွက်အမျိုးမျိုးတင်သွင်းခြင်းနှင့်ပတ်သက်သည့်အချက်အလက်များကို အွန်လိုင်းမှကြိုတင်တင်ပြရပြီး မှတ်ပုံတင်နံပါတ်ရယူရမည်ဖြစ်ကြောင်းနှင့် အစိုးရက ကျောက်မီးသွေးနှင့်သံမဏိတင်သွင်းမှုအတွက် အလားတူစနစ်များ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။

အလားတူ အစိုးရက ဖိနပ်များအတွက် အရည်အသွေးထိန်းချုပ်မှုအမိန့်(Quality Control Order-QCO)ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ယမန်နှစ် ဇူလိုင်လမှ သြဂုတ်လအတွင်း ကန်ဒေါ်လာ ၁၆၃ သန်းတင်သွင်းခဲ့ရာမှ ယခုနှစ် အလားတူကာလတွင် တင်သွင်းမှု ၅၄ ရာခိုင်နှုန်း၊  အမေရိကန်ဒေါ်လာ ၇၅ သန်းသို့ လျှော့ချနိုင်ခဲ့ကြောင်း၊ အဆိုပါအမိန့်သည် ယခုနှစ် ဇူလိုင်လမှ စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် စံမမီသောကုန်ပစ္စည်းများတင်သွင်းမှုကို တားမြစ်ရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။အားကစားဖိနပ်၊ခြေညှပ်ဖိနပ်နှင့် ဖိနပ်ပြုလုပ်သည့်အစိတ်အပိုင်းပစ္စည်းများကို တရုတ်၊ထိုင်ဝမ်၊ ဗီယက်နမ်၊ ဟောင်ကောင်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ အဓိကတင်သွင်းခြင်းဖြစ်သည်ဟု ယင်းကဏ္ဍမှ ကျွမ်းကျင်သူတစ်ဦးက ပြောကြားထားသည်။

AC ဓာတ်ငွေ့ကွန်ပရက်ဆာများတင်သွင်းမှုသည် ၂၀၂၃ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၇၇ သန်းသာ တင်သွင်းထားပြီး ပြီးခဲ့သည့်နှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၉၇ သန်းနှင့်နှိုင်းယှဉ်ပါက  ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊  အစိုးရအနေဖြင့် ယင်းလေအေးပေးစက်အစိတ်အပိုင်းများနှင့် LED မီးလုံးများကို ပြည်တွင်း၌ ထုတ်လုပ်မှုမြှင့်တင်ရန်အတွက် ထုတ်လုပ်မှုနှင့် ချိတ်ဆက်မက်လုံးပေးမှုအစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံငွေ ရူပီးသန်းပေါင်း ၆ သန်းကျော်ထောက်ပံ့ပေးထားကြောင်းနှင့် အရေးမကြီးသည့်ကုန်ပစ္စည်းများ တင်သွင်းမှုအား လျှော့ချရန်နည်းလမ်းများကို ဝန်ကြီးဌာနအချင်းချင်း ကော်မတီများပုံမှန်တွေ့ဆုံဆွေးနွေးနေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း သိရှိရသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်နယ်ပယ်များတွင် ကုန်ပစ္စည်းများထုတ်လုပ်မှုတိုးတက်ပြီး တင်သွင်းမှုကိုလျှော့ချနိုင်ရန်အတွက် အခြားဝန်ကြီးဌာနများကို လှုံ့ဆော်ပေးနေကြောင်းနှင့်  မတူညီသောဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများအကြား သတင်းအချက်အလက်စီးဆင်းမှုကောင်းမွန်လာပါက အပြုသဘောဆောင်သောရလဒ်များကို ထွက်ပေါ်လာစေမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

သွင်းကုန်များကို လျေှာ့ချရန်အတွက် အိန္ဒိယအစိုးရသည် ရွှေအပေါ် အကောက်ခွန်တိုးမြှင့်ခြင်း၊ ပြည်တွင်းသို့ ရုပ်မြင်သံကြားစက်များတင်သွင်းခြင်းကို တားမြစ်ခြင်း၊ ကုန်စည်အချို့အပေါ် အနိမ့်ဆုံးသွင်းကုန်စျေးနှုန်းများသတ်မှတ်ခြင်း၊ အမျိုးသားစားနပ်ရိက္ခာဖူလုံရေးမစ်ရှင်(ဆီထွက်သီးနှံနှင့် ဆီအုန်း)အစီအစဉ်ကို မိတ်ဆက်ခြင်း၊ ဆီနှင့် အီသနောရောစပ်ခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

အဆိုပါစီမံဆောင်ရွက်မှုများသည် ပြည်တွင်း၌ လုံလောက်သည့်ထုတ်လုပ်နိုင်မှုစွမ်းရည်ရှိသော်လည်း ပြည်ပမှတင်သွင်းနေဆဲကုန်ပစ္စည်းများကြောင့် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအတွင်း တီဗွီတင်သွင်းမှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ်အလားတူကာလအတွင်း တီဗွီတင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၀ သန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

ရေနံစိမ်းတင်သွင်းမှု ယခင်က တစ်နှစ်လျှင် ကန်ဒေါ်လာ ၇၁၆ ဘီလီယံရှိခဲ့ကြောင်းနှင့် ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၀၉.၄၂ ဘီလီယံသို့ လျှော့ချနိုင်ခဲ့သော်လည်း အိန္ဒိယ၏ တင်သွင်းမှုစုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊ အဆိုပါတင်သွင်းမှုများကို ထိန်းချုပ်နိုင်ပါက ကုန်သွယ်မှုလိုငွေကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြီးခဲ့သည့်နှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ ၁၄၀.၈၃ ဘီလီယံရှိခဲ့ပြီး ယခုနှစ်အလားတူကာလတွင် ကန်ဒေါ်လာ ၁၁၆ ဘီလီယံသို့ ကျဆင်းသွားကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွင်း သွင်းကုန်ပမာဏသည် ၁၂.၂၃ ရာခိုင်နှုန်း၊ ကန်ဒေါ်လာ ၃၂၇ ဘီလီယံသို့ လျှော့ချနိုင်ခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ အဓိကသွင်းကုန်ကုန်စည်များတွင် ရေနံစိမ်း၊ ရွှေ၊ အီလက်ထရွန်နစ်ကုန်ပစ္စည်းများ၊ ပဲမျိုးစုံ၊ ဓာတ်မြေသြဇာ၊ စက်ကိရိယာများနှင့် ဆေးဝါးထုတ်ကုန်ပစ္စည်းများပါဝင်ကြောင်း၊ အိန္ဒိယသို့ တင်ပို့သည့်အဓိကနိုင်ငံများတွင် တရုတ်၊ အမေရိကန်၊ ယူအေအီး၊ ဆွစ်ဇာလန်၊ ဆော်ဒီအာရေဗျ၊ ဟောင်ကောင်၊ အီရတ်နှင့် ဂျာမနီတို့ပါဝင်ကြောင်း သိရှိရသည်။

သွင်းကုန်ပမာဏမြင့်မားမှုသည် ကုန်သွယ်မှုကိုလိုငွေဖြစ်စေပြီး နိုင်ငံ၏ဝင်ငွေ၊ ထွက်ငွေမမျှတမှု(Current Account Deficit)သက်ရောက်မှုများဖြစ်စေသကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းအပေါ်တွင်လည်း သက်ရောက်မှုများရှိစေကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် လက်ပ်တော့များနှင့် ကွန်ပျူတာများကဲ့သို့သော IT ဟာ့ဒ်ဝဲကုန်ပစ္စည်းအချို့အပေါ် တင်သွင်းခြင်းအား မကြာသေးမီက တားမြစ်ထားပြီး ရဲတပ်ဖွဲ့အတွက် ခမောက်များ၊ water dispenser များ၊ တံခါးတွင်တပ်ဆင်အသုံးပြုသည့်ပစ္စည်းများ၊ မျက်နှာကျက်ပန်ကာများ၊ အလူမီနီယံနှင့် ကြေးနီပစ္စည်းများကဲ့သို့သောကုန်ပစ္စည်းအများအပြားတွင် အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ QCO များကို ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ပြည်တွင်း၌ ထုတ်လုပ်နိုင်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်များတိုးမြှင့်ကောက်ခံခြင်းနှင့် အကောက်ခွန်မဟုတ်သည့်စီမံဆောင်ရွက်နည်းလမ်းများ ချမှတ်ကျင့်သုံးခြင်းတို့ဖြင့် ကန့်သတ်ဆောင်ရွက်ခြင်းသည် သွင်းကုန်ပမာဏကိုလျှော့ချနိုင်ပြီး နိုင်ငံ၏ကုန်သွယ်မှုလိုငွေကို လျှော့ချနိုင်သဖြင့် နိုင်ငံအများစုအနေဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့်လည်း အလား အလာရှိသည့် SME ထုတ်ကုန်များကိုရွေးထုတ်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မူဝါဒများချမှတ်ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း၊ သို့ရာတွင် အမှန်တကယ်ထုတ်လုပ်နိုင်စွမ်း မရှိသည့်ကုန်ပစ္စည်းများအပေါ်တွင် သွင်းကုန်ကန့်သတ်ချက်များချမှတ်ဆောင်ရွက်မိပါက ပြည်တွင်း၌ ဈေးနှုန်းကြီးမြင့်ပြီး သုံးစွဲသူများအပေါ်တွင် သက်ရောက်မှုများရှိနိုင်သဖြင့် စနစ်တကျလေ့လာညှိနှိုင်းဆွေးနွေးဆောင်ရွက်သင့်သည့်ကိစ္စရပ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: Restrictions, PLI, mandatory quality norms help cut import of certain non-essential goods, The Economic Times, November 5 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)