Japan

ငွေကြေးဖောင်းပွမှု၏ သက်ရောက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံတန်ဖိုးရှိ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ဖြစ်စေမည့်အစီအစဉ်များ (Stimulus Package) အား ဂျပန်နိုင်ငံ အတည်ပြုခဲ့

Last Updated:

ငွေကြေးဖောင်းပွမှုနှုန်းဆက်တိုက်မြင့်တက်လျက်ရှိြခင်းနှင့် အစိုးရအပေါ် ထောက်ခံမှုနှုန်း ကျဆင်းလျက်ရှိမှုကို တုံ့ပြန်နိုင်ရေးအတွက် ဝင်ငွေခွန်လျှော့ချရေးအပါအဝင် ယန်း ၁၇ ထရီလီယံ(အမေရိကန် ဒေါ်လာ ၁၁၂ ဘီလီယံ)တန်ဖိုးရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများ(Stimulus Package)ကို ၂-၁၁-၂၀၂၃ ရက်နေ့တွင် ဂျပန်အစိုးရအဖွဲ့အနေဖြင့် အတည်ပြုခဲ့ပါသည်။

အစိုးရအနေဖြင့် ဝင်ငွေခွန်နှင့်နေထိုင်ခွန်ကို ပုံသေပမာဏသတ်မှတ်၍ ယာယီအားဖြင့် လျှော့ချပေးသွားမည်ဖြစ်ပြီး အဆိုပါလျှော့ချပေးသွားမည့်ပမာဏမှာ ၃ ထရီလီယံကျော်ရှိပြီး၊ ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကုန်စည်ဈေးနှုန်းများမြင့်တက်လာမှုနှင့်အတူ လစာနှုန်းထားများတိုးမြှင့်ပေးနိုင်ခြင်းမရှိသည့် အတွက် အခွန်ပေးဆောင်ရမှုပမာဏ လျှော့ချပေးနိုင်ခြင်းဖြင့်  လစာဝင်ငွေပိုမိုရရှိစေကာ ပြည်သူများ၏သုံးစွဲနိုင်မှုကို လှုံ့ဆော်ပေးလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကာလရှည်ကြာငွေကြေးဖောင်းပွမှုဖြစ်ပေါ်ခဲ့ခြင်းမှ အပြုသဘောဆောင်သည့်လက္ခဏာများကို ယခုအချိန်တွင် တွေ့မြင်နေရကြောင်းနှင့် ဆက်လက်၍လည်း ထိုသို့ဖြစ်ပေါ်စေလိုပါကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ဝင်ငွေခွန်ကို တစ်ဦးလျှင် ယန်း ၃၀,၀၀၀ နှင့် နေထိုင်ခွန်ကို တစ်ဦးလျှင် ယန်း ၁၀,၀၀၀ တစ်ကြိမ်သာ သက်သာခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် နေထိုင်ခွန်ကင်းလွတ်ခွင့်ရရှိပြီးဖြစ်သည့် ဝင်ငွေနည်းအိမ်ထောင်စုများအနေဖြင့် ယန်း ၇၀,၀၀၀ ထောက်ပံ့ကြေးငွေရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လောင်စာဆီ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီတာခနှုန်းထားများမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကိုလျော့ပါးစေရေးအတွက် အစိုးရ၏အထောက်အပံ့ပေးလျက်ရှိသည့် အစီအစဉ်များကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ တိုးမြှင့်ခွင့်ပြုပေးသွားမည့်အစီအစဉ်ကိုလည်း Stimulus Package တွင် ထည့်သွင်းထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ စက်တင်ဘာတွင် ၂.၈ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ပြီး၊ ဩဂုတ်လတွင်ရှိခဲ့သည့် ၃.၁ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း၊ လတ်ဆတ်သည့်အစားအစာများ၏ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့် စားသောက်ကုန်များ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈.၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။

Nikkei နှင့် TV Tokyo တို့မှ အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကောက်ယူခဲ့သည့် စစ်တမ်းများအရ အစိုးရအပေါ် ထောက်ခံမှုနှုန်းများမှာ စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၃၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အဆိုပါနှုန်းမှာ ၂၀၂၁ ခုနှစ်တွင် ဝန်ကြီးချုပ်ခီရှိဒအစိုးရ စတင်တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ အနိမ့်ဆုံးနှုန်းဖြစ်ကြောင်း၊ ထိုသို့အစိုးရအနေဖြင့် စိန်ခေါ်မှုများကြုံတွေ့နေရခြင်းကြောင့် ယခုကဲ့သို့ Stimulus Package များဖော်ဆောင်ကာ အထောက်အပံ့ပေးမည့်အစီအမံများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုန်စည်ဈေးနှုန်းများမြင့်မားနေမှုကိုတုံ့ပြန်နိုင်ရေးအတွက် အခွန်လျှော့ချပေးမှုသည် သင့်လျော်သည့် ဆောင်ရွက်ချက်မဟုတ်ကြောင်း စစ်တမ်းဖြေဆိုသူများ၏ ၆၅ ရာခိုင်နှုန်းက ဖြေကြားခဲ့ပြီး ၂၄ ရာခိုင်နှုန်းက အခွန်လျှော့ချပေးမှုကို ထောက်ခံကြောင်း ဖြေကြားခဲ့ကြကြောင်း၊ ဂျပန်နိုင်ငံ၌ ဝင်ငွေနှင့် နေထိုင်ခွန်များရရှိမှုမှာ ၂၀၂၂ ဘဏ္ဍာနှစ်အထိ ၂ နှစ်တာကာလအတွင်း ၃.၅ ထရီလီယံကျော်တိုးမြှင့်ရရှိခဲ့ကြောင်း၊ ထိုသို့တိုးမြှင့်ရရှိခဲ့သည့် အခွန်ဘဏ္ဍာငွေကို အခွန်ပေးဆောင်သူများထံ တိုက်ရိုက်ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း အစိုးရအနေဖြင့် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အတိုက်အခံပါတီဖြစ်သည့် Constitutional Democratic Party မှ Jun Azumi က Stimulus Package သည် ရွေးကောက်ပွဲအတွက်သာ ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အာဏာရပါတီအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရေးဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ Japan Innovation Party ၏ခေါင်းဆောင်ဖြစ်သူ Nobuyuki Baba အနေဖြင့် ယခုကဲ့သို့စီးပွားရေးဆိုင်ရာ အစီအမံများကို ပြည်သူများအနေဖြင့် လက်ခံလိမ့်မည်မဟုတ်ကြောင်းနှင့် အခြားသောဝေဖန်သူများအနေဖြင့်လည်း ခီရှိဒအစိုးရအနေဖြင့် တစ်ဖက်တွင် အခွန်လျှော့ချပေးမည်ဆိုသော်လည်း အခြားတစ်ဖက်တွင် ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်များများပြားလာစေရေး အခွန်ရရှိမှုမြှင့်တင်မည်ဆိုသည့်အတွက် အစိုးရ၏လုပ်ဆောင်ချက်အပေါ် နားလည်ရန်ခက်ခဲကြောင်း ပြောဆိုလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်ခီရှိဒက ထိုသို့ဝေဖန်ပြောဆိုမှုများကို တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေးဆိုင်ရာစွမ်းဆောင်ရည်များအားကောင်းစေရေးအတွက် ဆောင်ရွက်ချက်သည် ဂျပန်နိုင်ငံအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာစွမ်းဆောင်ရည်များမြင့်တင်နိုင်ရေးနှင့် အခွန်လျှော့ချရေးအတွက် အစိုးရ၏အခွန်ဆိုင်ရာ ဆောင်ရွက်ချက်များမှာ အပြန်အလှန်ညီညွတ်မှုရှိကြောင်း ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

အစိုးရ၏ Stimulus Package တွင် ကုမ္ပဏီများနှင့် တက္ကသိုလ်များတွင် အကာသဆိုင်ရာ နည်းပညာများဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများတွင် နှစ်အတော်ကြာပံ့ပိုးပေးနိုင်ရန်အတွက် ၁ ထရီလီယံယန်း ရန်ပုံငွေကို ၁၀ နှစ်တာတည်ထောင်ပေးမည့်အစီအမံများလည်း ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ Stimulus Plan ဖော်ဆောင်နိုင်ရေး ဘဏ္ဍာငွေများပံ့ပိုးပေးနိုင်ရေးအတွက် လက်ရှိလွှတ်တော်တွင် ဖြည့်စွက်ဘဏ္ဍာငွေ ၁၃.၁ ထရီလီယံယန်းနီးပါး တင်ပြတောင်းခံသွားရန် အစိုးရအနေဖြင့် စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသော်လည်း ငွေကြေးဖောင်းပွမှုနှုန်းနှင့်အညီ လစာနှုန်းထားများကို တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ တတ်နိုင်သမျှလျော့နည်းစေမည့် အစီအမံများကို ချမှတ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source:  The Nikkei Asia (၂-၁၁-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan