India (Delhi)

အိန္ဒိယကမ္ဘာ့စားနပ်ရိက္ခာပြပွဲကာလအတွင်း ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ ၁၆ ခု လက်မှတ်ရေးထိုးနိုင်ခဲ့

Last Updated:

နယူးဒေလီမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် မှ ၅ ရက်ထိ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယကမ္ဘာ့အစားအစာပြပွဲ(World Food India 2023)၏ပထမဆုံးနေ့၌ပင် အိန္ဒိယကုမ္ပဏီများသည်  စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ခိုင်မာသောသဘောတူညီမှုများကို ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် စားနပ်ရိက္ခာစီမံဆောင်ရွက်‌ရေးဝန်ကြီးဌာန(MoFPI)နှင့် ကုမ္ပဏီအသီးသီးတို့အကြား နားလည်မှုစာချွန်လွှာစုစုပေါင်း(၁၆)ခု လက်မှတ်ရေးထိုးခဲ့သည်ဟု တရားဝင်ထုတ်ပြန်ကြေငြာချက်များအရ သိရှိရကြောင်း The Hindu BusinessLine website တွင် ဖော်ပြထားပါသည်။

အဆိုပါသဘောတူညီချက်များ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏသည် ရူပီးသန်းပေါင်း တစ်သိန်းနှစ်သောင်းဝန်းကျင်ခန့်ရှိပြီး  လက်မှတ်ရေးထိုးမှုများတွင် ပြည်တွင်းနှင့် နိုင်ငံ တကာစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီအချို့ပါဝင်ပါကြောင်းနှင့် အဓိကကုမ္ပဏီများမှာ Mondelez India ၊ Kellogg India၊ ITC ၊ Innobev ၊ Nedspice ၊ Ananda ၊ General Mills နှင့် Ab Inbev တို့ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယစားနပ်ရိက္ခာစီမံဆောင်ရွက်‌ရေးဝန်ကြီးဌာနသည် World Food India 2023 ၏ဖွင့်ပွဲနေ့တွင် စားပွဲဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပါကြောင်း၊  အဆိုပါဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး Pashupati Kumar Paras နှင့်ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် စားသုံးသူရေးရာ၊ စားနပ်ရိက္ခာပြည်သူ့ဖြန့်ဖြူးရေးနှင့် အထည်အလိပ်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush Goyal တို့မှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစားပွဲဝိုင်းဆွေးနွေးပွဲကို စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍရှိ ဦးဆောင်ကုမ္ပဏီ ၇၀ ကျော်မှ အမှုဆောင်အရာရှိများနှင့် အစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်မှုလွယ်ကူစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိတ်ဝင်စားသည့်ကဏ္ဍများနှင့် အိန္ဒိယအစားအစာထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တစ်လျှောက်လိုအပ်ချက်များအပေါ် လုပ်ငန်းရှင်များ၏အမြင်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။ ထို့အပြင် ထုတ်လုပ်မှုနှင့်ချိတ်ဆက်၍ မက်လုံးပေးဆွဲဆောင်မှုအစီအစဉ်(Production Linked Incentive Scheme)၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာအခွန်(GST)၊ နို့ထွက်ပစ္စည်းလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းစဉ်ဆိုင်ရာ နယ်ပယ်များတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် အစားအစာထုတ်လုပ်မှုကဏ္ဍအတွက် ကုန်စည်ပြပွဲများကျင်းပပြုလုပ်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: World Food India : 16 MoUs signed by companies committing investment worth RS 17,990 crore in food processing sector, The Hindu Business Line, November 3, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)