India (Delhi)

အိန္ဒိယသည် ကြက်သွန်နီတင်ပို့မှုကန့်သတ်ချက်အား ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုး

Last Updated:

အိန္ဒိယအစိုးရသည် နိုင်ငံတွင်း ကြက်သွန်နီလိုအပ်ချက်ပြည့်မီစေရန်နှင့် ယခင်က အစိုးရကို ပြိုလဲသည်အထိ သက်ရောက်မှုပြင်းထန်သော နိုင်ငံရေးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ၏ဈေးနှုန်းကို ထိန်းချုပ်နိုင်ရန်အတွက် ယခုဘဏ္ဍာရေးနှစ်ကုန် သို့မဟုတ် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တင်ပို့မှုကန့်သတ်ချက်များ တိုးမြှင့်ထားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရသည် ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီအလုံအလောက်ရှိစေရန်နှင့် ဈေးနှုန်းများကိုထိန်းချုပ်နိုင်ရန်ရည်ရွယ်၍ ယခုနှစ် အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း(MEP)ကို တစ်တန်လျှင် ကန်ဒေါ်လာ ၈၀၀ သတ်မှတ်ပေးခဲ့ကြောင်းနှင့် ယခုတစ်ကြိမ်တွင်လည်း အလားတူကြက်သွန်တင်ပို့မှုကန့်သတ်ချက်ကို တိုးမြှင့်လိုက်ကြောင်း အစိုးရ၏ အမိန့်ကြေငြာစာကို ကိုးကား၍ The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းသည် တစ်နှစ်အတွင်း နှစ်ဆနီးပါးတက်လာပြီး ကြက်သွန်နီလက်လီဈေးသည် လွန်ခဲ့သည့်နှစ်တွင်တစ်ကီလိုလျှင် ၂၉.၇၆ ရူပီးမှ နိုဝင်ဘာ ၂၉ ရက်တွင် တစ်ကီလိုလျှင် ၅၇.၈၅ ရူပီးအထိ ၉၄.၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။ အိန္ဒိယနိုင်ငံ၏ ပွဲတော်ကာလအတွင်း ဝယ်လိုအားမြင့်တက်မှုနှင့် မိုးရာသီတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် အထွက်နှုန်းကျဆင်းပြီး အောက်တိုဘာလတွင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီးစျေးနှုန်းများမှာ ၅၈ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းအသီးသီးမြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာများအရ သိရသည်။

အစိုးရက ကြက်သွန်နီအပေါ် ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းကို သြဂုတ်လတွင် ချမှတ်ခဲ့သော်လည်း ယင်းဆောင်ရွက်ချက်သည် ၎င်းတို့၏ပို့ကုန်ကို သိသိသာသာလျှော့ချရာတွင် အထောက်အကူမဖြစ်စေခဲ့သည့်အပြင် ကာလပေါက်ဈေးထက် များစွာလျော့နည်းသည့်ဈေးနှုန်းများဖြင့် တင်ပို့ခြင်းကြောင့် အခွန်ရရှိမှုပိုမိုကျဆင်းသွားသောကြောင့် အစိုးရက ၎င်းကို ဖျက်သိမ်းကာ ကြက်သွန်နီတစ်တန်လျှင် အနည်းဆုံးပို့ကုန်ဈေးနှုန်း ကန်ဒေါ်လာ ၈၀၀ သတ်မှတ်ဆေင်ရွက်ခဲ့ကြောင်းသိရသည်။

အိန္ဒိယတွင် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဂျုံ၊ ဆန်၊ ပဲမျိုးစုံ၊ သကြား၊ ကြက်သွန်နီဈေးနှုန်းများမြင့်တက်လာခြင်းသည် ဝန်ကြီးချုပ်နာရင်ဒြာမိုဒီ ဦးဆောင်သောအစိုးရအတွက် အဓိကစိုးရိမ်စရာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလမှ မေလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်းလည်း သိရသည်။

ယခုနှစ်တွင် အီဂျစ်နှင့် တူရကီတို့ကဲ့သို့ အဓိကကြက်သွန်တင်ပို့ရောင်းချသည့်နိုင်ငံများသည် ကြက်သွန်တင်ပို့မှုကို ပိတ်ပင်ထားသည့်အပြင် ပါကစ္စတန်တွင်လည်း ကြက်သွန်နီထုတ်လုပ်မှုကျဆင်းနေကြောင်း၊ ယခင်က အိန္ဒိယအစိုးရမှ ချမှတ်ထားသော ကြက်သွန်နီတင်ပို့မှုတားမြစ်ချက်ကြောင့် အိန္ဒိယ၏ကြက်သွန်နီဈေးကွက်သည် သိသိသာသာကျဆင်းသွားပြီး အချို့နိုင်ငံများတွင် ၈၀ ရာခိုင်နှုန်းမှ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ကြက်သွန်နီတင်ပို့မှုအား ၂၀၂၄ ခုနှစ် မတ်လအထိ ပိတ်ပင်ကန့်သတ်ထားသဖြင့် မြန်မာ့ကြက်သွန်နီတင်ပို့မှုဈေးကွက်အတွက် အခွင့်အလမ်းရရှိလာနိုင်ပါကြောင်းနှင့် ယခုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံကဲ့သို့သော ကြက်သွန်နီတင်သွင်းနေရသည့်နိုင်ငံများ၏ဈေးကွက်ကို ရရှိနိုင်ရေး ထိရောက်စွာကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ပါသည်။

Source: India extends curbs on onion exports till March 31, 2024 amid price spike, The Economic Times, December 8, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)