Russia

ရုရှားအစိုးရက ခရမ်းချဉ်သီးတန်ချိန် ၁ သိန်းအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန် ခွင့်ပြုခဲ့

Last Updated:

ရုရှားဖက်ဒရေးရှင်းအစိုးရသည် ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ခရမ်းချဉ်သီးတန်ချိန် ၁၀၀,၀၀၀ အား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြှင့်တက်လာခြင်းကြောင့် ခရမ်းချဉ်သီးထုတ်ကုန်ဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ကြောင်း အစိုးရ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်တွင် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများ၌ ပါဝင်သူများအား ကုန်ထုတ်လုပ်မှုပမာဏများဖြန့်ဖြူးခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်ရန်အတွက် လိုအပ်သောစာရွက်စာတမ်းများထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းများကို အတည်ပြုခဲ့သည်။ ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် အဆိုပါစာရွက်စာတမ်းများကို ထုတ်ပေးမည်ဖြစ်သည်။

ခရမ်းချဉ်သီးတင်သွင်းမှုအပေါ် အခြေခံအကောက်ခွန်နှုန်းထားသည် ကုန်စည်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းဖြစ်သည်။

ဥရောပအာရှစီးပွားရေးကော်မရှင်(EEC) ကုန်သွယ်ရေးဝန်ကြီး Mr. Andrei Slepnev က စားသုံးသူ ဝယ်လိုအားတိုးလာပြီး ဖန်လုံအိမ်ခရမ်းချဉ်သီးထုတ်လုပ်မှု သိသိသာသာတိုးလာရန်မဖြစ်နိုင်သောကြောင့် သွင်းကုန်ထောက်ပံ့မှုသည် ရေတိုဈေးကွက်ကို ဟန်ချက်ညီအောင် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ရုရှားနိုင်ငံသည် နှစ်စဉ်ခရမ်းချဉ်သီးတန်ချိန် ၅ သိန်းခန့်တင်သွင်းလျက်ရှိပြီး အဓိကတင်သွင်းသောနိုင်ငံများမှာ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ တရုတ်၊ ဥစဘက်ကစ္စတန်၊ တူကီယဲ၊ အီရန်နှင့် အီဂျစ်နိုင်ငံများဖြစ်ပါသည်။ တရုတ်၊ တူကီယဲ၊ အီရန်နှင့် အီဂျစ်နိုင်ငံများ၏ ရောင်းချမှုဈေးနှုန်းသည် ပြည်တွင်းထုတ်ကုန်များ၏ဈေးနှုန်းနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရပါသည်။

Source :    https://www.interfax.ru/russia/953474

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia