India (Delhi)

အိန္ဒိယတစ်ဝှမ်း လက်ဖက်ထုတ်လုပ်မှု ကီလိုဂရမ် ၁၃ သန်းကျဆင်းခဲ့

Last Updated:

အိန္ဒိယနိုင်ငံသည် ၂၀၂၄ ရာသီချိန်တွင် လက်ဖက်လုပ်ငန်းမှာကျဆင်းလျက်ရှိပြီး လက်ဖက်ဘုတ်အဖွဲမှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ အိန္ဒိယနိုင်ငံမြောက်ပိုင်း(အာသံနှင့် အနောက်ဘင်္ဂလား)လက်ဖက်ခြောက်ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ကီလိုဂရမ် ၂၁ သန်းကျော်ကျဆင်းခဲ့ပြီး အိန္ဒိယတစ်နိုင်ငံလုံး၏ထုတ်လုပ်မှုမှာမူ ကီလိုဂရမ် ၁၃ သန်းကျော်လျော့နည်းခဲ့ကြောင်း သိရသည်။

အာသံနှင့်အနောက်ဘင်္ဂလားပြည်နယ်တို့တွင် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် အပူချိန်မြင့်မားမှုများကြောင့် လက်ဖက်ထုတ်လုပ်မှုကို ဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း၊ ထို့ပြင် ဧပြီလအတွင်း  အာသံပြည်နယ်၊ ဘားရက်ချိုင့်ဝှမ်းရှိ လက်ဖက်ခြံအများအပြားတွင် မိုးကြိုးမုန်တိုင်းနှင့် မိုးသီးများသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသအတွင်းရှိ လက်ဖက်စိုက်တောင်သူများအနေဖြင့် လက်ဖက်ထုတ်လုပ်မှုအတွက် ပိုမိုစိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ဖက်ဘုတ်အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မတ်လအတွင်း ရရှိသောအချက်အလက်များအရ 2024 ခုနှစ်တွင် လက်ဖက်စျေးနှုန်းများသည် အိန္ဒိယနိုင်ငံရှိ ရောင်းဝယ်ရေးစင်တာများအားလုံးတွင် ဆက်လက်ကျဆင်းနေပြီး လက်ဖက်ထုတ်လုပ်သူများ၏ဝင်ငွေအပေါ် ဆိုးရွားစွာထိခိုက်စေခဲ့ကြောင်း၊  လက်ဖက်စျေးနှုန်းများသည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ၁၆ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏နာမည်ကြီး လက်ဖက်ခြောက်တစ်မျိုးဖြစ်သည့် Darjeeling လက်ဖက်ခြောက်မှာလည်း အထွက်နှုန်းနှင့်ဈေးနှုန်းများကျဆင်းမှုကြောင့် စိန်ခေါ်မှုအခက်အခဲများကို ပိုမိုကြုံတွေ့နေရကြောင်း၊ နီပေါမှ လက်ဖက်များဝင်ရောက်လာခြင်းသည် Darjeeling ၏အခက်အခဲများကို ပိုမိုမြင့်တက်စေကြောင်း၊ အစိုးရ၏ငွေကြေးထောက်ပံ့မှုအစီအစဉ်များ မရှိပါက Darjeeling လုပ်ငန်းအတွက် ရှင်သန်ရပ်တည်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Indian Tea Association က ၎င်းတို့၏အစီရင်ခံစာတွင် လွှတ်တော်၏ကုန်သွယ်ရေးဆိုင်ရာအမြဲတမ်းကော်မတီမှ ထောက်ခံထားသော Darjeeling လက်ဖက်ကဏ္ဍအတွက် ဘဏ္ဍာရေးပြန်လည်နိုးထမှုအစီအစဉ်ကို သက်တမ်းတိုးရန် အစိုးရအား တိုက်တွန်းထားကြောင်း သိရှိရသည်။

Source: Production of tea down over India by 13 million kg, The Economic Times, 9 May 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)