India (Delhi)

အိန္ဒိယဗဟိုအစိုးရက Bharat Dal တံဆိပ်ကုလားပဲထုပ်များကို တစ်ကီလိုလျှင် ရူပီး ၆၀ ဖြင့် ရောင်းချပေး

Last Updated:

အိန္ဒိယဗဟိုအစိုးရသည် Bharat Dal အမှတ်တံဆိပ်အမည်ဖြင့် ကုလားပဲထုပ်များကို စားသုံးသူများအတွက် သက်သာသောစျေးနှုန်းဖြင့်ရရှိနိုင်စေရန် ထောက်ပံ့မှုပေး၍ တစ်ကီလို ဂရမ်လျှင် ရူပီး ၆၀ နှုန်းဖြင့် ဇူလိုင်လတွင် စတင်ရောင်းချခဲ့ပေးခဲ့ကြောင်း၊ လက်ရှိတွင် Bharat Dal ကို အမျိုးသားလယ်ယာထွက်ကုန်သမဝါယမစျေးကွက်အသင်းချုပ်(NAFED)နှင့်အမျိုးသားစားသုံးသူများပူးပေါင်းဆောင်ရွက်ရေးအသင်းချုပ်(NCCF)၊ အစိုးရ၏ ပြည်သူ့သက်သာချောင်ချိရေးအဖွဲ့တစ်ခုဖြစ်သည့် Kendriya Bhandar နှင့် Safal လက်လီဆိုင်များတွင် ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယခုလအစောပိုင်းတွင်လည်း အစိုးရသည် 'Bharat Atta' အမှတ်တံဆိပ်အမည်ဖြင့် ဂျုံမှုန့်တစ်ကီလိုလျှင် ၂၇.၅၀ ရူပီးနှုန်းဖြင့် နိုင်ငံတစ်ဝှမ်းတွင် စတင်ရောင်းချခဲ့ကြောင်း၊ 'Bharat Atta' ကို NAFED ၊ NCCF နှင့် Kendriya Bhandars တို့၏ဆိုင်ခွဲပေါင်း ၂၀၀၀တွင် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြည်သူများလက်ဝယ်သို့ ပိုမိုရောက်ရှိဖြန့်ဖြူးနိုင်ရန်အတွက် Bharat Atta အား နိုင်ငံအနှံ့ ဖြန့်ကျက်ချထားမည့် ရွေ့လျားမော်တော်ယာဉ်(Mobile Van)အစီး ၈၀၀ မှတဆင့်လည်း ရောင်းချပေးမည်ဖြစ်ကြောင်း၊ အဆိုပါမိုဘိုင်းလ်ဗင်ကားများ သည် Bharat Dal ကိုလည်း တစ်ကီလိုလျှင် ရူပီး ၆၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် ဈေးနှုန်းတည်ငြိမ်ရေးရန်ပုံငွေ(PSF)ဖြင့် ကုလားပဲ၊ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲနီလေး စသည့်အဓိကပဲငါးမျိုးကို အရန်အနေဖြင့် ဝယ်ယူသိုလှောင်ထားရှိပြီး စျေးနှုန်းထိန်းချုပ်ရန် လိုအပ်သည့်အချိန်တွင် ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးရှိရာ၊ Bharat Dal အမှတ်တံဆိပ်အောက်တွင် ကုလားပဲအရန်များကို သင့်လျော်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။  

အိန္ဒိယအစိုးရသည် ပြည်တွင်းပဲမျိုးစုံရရှိနိုင်မှုတိုးမြင့်လာစေရန်အတွက် ပဲစင်းငုံနှင့်မတ်ပဲတင်သွင်းမှုများကို အခွန်ကောက်ခံခြင်းမပြုဘဲ ၂၀၂၄ ခုနှစ်၊  မတ်လအထိ ဖြေလျှော့ကင်းလွတ်ခွင့်ပြုထားကြောင်း၊ Bharat Atta အတွက် ဗဟိုအစိုးရသည် အိန္ဒိယအစားအသောက်ကော်ပိုရေးရှင်း(FCI)မှ ဂျုံတန်ချိန် ၂.၅ သိန်းကို Nafed ၊ NCCF နှင့် Kendriya Bhandars တို့အား တစ်ကီလိုလျှင် ရူပီး ၂၁.၅၀ ဖြင့် ခွဲဝေပေးမည်ဖြစ်ကြောင်း၊ အဆိုပါအေဂျင်စီများသည် ၎င်းကို ဂျုံမှုန့်အဖြစ်သို့ ပြောင်းလဲပြီး တစ်ကီလိုလျှင် ရူပီး ၂၇.၅၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည့်အတွက် အိန္ဒိယနိုင်ငံ၏ အခြေခံစားသောက်ကုန်စည်ဖြစ်သည့် ပဲမျိုးစုံဈေးနှုန်းထိန်းချုပ်နိုင်ရေးအတွက် အစိုးရမှ အစီအစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Central Govt selling Bharat Dal at RS 60 per kg, Where to buy, The Economic Times, November 13, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)