India (Delhi)

အိန္ဒိယနိုင်ငံသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် အဆင့်မြှင့်တင်ထားသောအီလက်ထရွန်းနစ်စနစ်သုံး ဘဏ်အသိအမှတ်ပြုလက်မှတ်စနစ်အား နိုဝင်ဘာ ၁၅ ရက်မှစတင်၍ စမ်းသပ်ဆောင်ရွက်မည်

Last Updated:

အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်တင်ပို့မှုလုပ်ငန်းများလွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လုပ်ငန်းရှင်များကိုယ်တိုင် အသိအမှတ်ပြုလက်မှတ်ရယူဆောင်ရွက်နိုင်ရန် ပြန်လည်ပြင်ဆင်ထားသော အီလက်ထရွန်းနစ်စနစ်သုံးဘဏ်အသိအမှတ်ပြုလက်မှတ်(Electronic Bank Realization Certificate-eBRC)ကို နိုဝင်ဘာ ၁၅ ရက်တွင်စတင်စမ်းသပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ eBRIC သည် ပို့ကုန်လုပ်ငန်းရှင်များအတွက် အရေးကြီးသောစာရွက်စာတမ်းတစ်ခုဖြစ်ပြီး တင်ပို့သူသည် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများတင်ပို့ခြင်းအတွက် ပြည်ပမှဝယ်သူထံမှ ငွေပေးချေမှုကို လက်ခံရရှိကြောင်း အတည်ပြုချက်အဖြစ် ဘဏ်မှထုတ်ပေးသည့်စနစ်ဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယင်းလက်မှတ်သည် ပြည်ပနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှရရှိသော နိုင်ငံခြားငွေရရှိမှုကို  နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်းများပါပြဋ္ဌာန်းချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ထားရှိမှုသက်သေခံလက်မှတ်တစ်ခုဖြစ်ကြောင်း၊ eBRC များကို ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် သတ်မှတ်ကုန်စည်များ  ပြည်ပသို့တင်ပို့မှုများအတွက် ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)၏ထုတ်ပြန်ကြေညာချက်အရ အဆင့်မြှင့်တင်ထားသောယင်းစနစ်သည် ဘဏ်များမှ DGFT သို့ တိုက်ရိုက်ပေးပို့မည့် အီလက်ထရွန်းနစ်ငွေလွှဲစာရင်းအချက်အလက်များကို အခြေခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လက်ခံရရှိသောစာရင်း အချက်အလက်များကိုအခြေခံ၍ တင်ပို့သူများသည် ၎င်းတို့၏ eBRCs များကို ကိုယ်တိုင်အသိအမှတ်ပြုလက်မှတ်များ ထုတ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်းစနစ်သည် ပို့ကုန်လုပ်ငန်းရှင်များအား အချိန်နှင့်ကုန်ကျစရိတ်များကို လျှော့ချနိုင်စေမည်ဖြစ်သည့်အပြင် ၎င်းသည် ငွေလွှဲအထောက်အထား(IRMs)များကို ပို့ဆောင်ခများ၊ ကုန်ရောင်းဝယ်မှုဆိုင်ရာအထောက်အထား၊ ပြေစာများစသည်တို့ကို လွယ်ကူရှင်းလင်းစွာပြန်လည်ပေါင်းစည်းခြင်းဖြင့် ဘဏ်လုပ်ငန်းရှင်များ၏ ဝန်ထုပ်ဝန်ပိုးကို သက်သာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြန်လည်မွမ်းမံထားသော eBRC စနစ်အား စမ်းသပ်အသုံးပြုခြင်းကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ရန်အဆိုပြုထားကြောင်း၊ ယင်းနေ့မှစတင်၍ သုံးစွဲသူလက်ခံမှုကို စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး  ဘဏ်တစ်ခုချင်းစီသည် ၎င်းတို့၏အဆင်သင့်ဖြစ်မှုအပေါ်အခြေခံ၍ တရားဝင်စတင်ဆောင်ရွက်မည့်နေ့ရက်ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ eBRC စနစ်၏ အသုံးပြုသူလမ်းညွှန်နှင့် အမေးများသောမေးခွန်းများ(FAQs)ကို DGFT ဝဘ်ဆိုက်တွင် ရနိုင်မည်ဖြစ်ကြောင်း၊ စနစ်အကြောင်း သရုပ်ပြရန်နှင့် အသိပညာမြှင့်တင်ရန် ပို့ကုန်လုပ်ငန်းရှင်များအတွက် အသိပညာပေးအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း DGFT က ပြောကြားထားသည်။  

အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် Patton Group ၏မန်နေဂျင်းဒါရိုက်တာဖြစ်သူ Sanjay Budhia က eBRC အစီအစဉ်သည် ကောင်းမွန်သည့်လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း၊ ယင်းသည် ပို့ကုန်လုပ်ငန်းများနှင့် ဘဏ်များ၏အရင်းအမြစ်နှင့် ကုန်ကျစရိတ်များလျှော့ချနိုင်ရန် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း၊ DGFT သည် ၎င်းတို့၏လုပ်ငန်းစဉ်များအားလုံးနီးပါးကို အလိုအလျောက်စနစ်သို့ လုပ်ဆောင်ထားပြီးဖြစ်ကြောင်းနှင့် ယခုခြေလှမ်းသစ်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်မြှင့်တင်ခြင်းအပေါ် အပြည့်အဝအာရုံစိုက်နိုင်ပြီး ၂၀၃၀ ခုနှစ်တွင်ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၂ ထရီလီယံရရှိရေး နိုင်ငံ၏ရည်မှန်းချက် ပန်းတိုင် ရရှိအောင်မြင်စေမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မှုအသိအမှတ်ပြုသက်သေခံလက်မှတ်များကို အီလက်ထရွန်စနစ်အသုံးပြု၍ တင်ပို့သူကိုယ်တိုင်ထုတ်ယူနိုင်သည့်စနစ်များကို စမ်းသပ်ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Pilot launch of upgraded electronic bank realisation certificate system for exporters from Nov 15.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)