India (Delhi)

ငွေကြေးဖောင်းပွမှုကို တုံ့ပြန်နိုင်ရေးအတွက် ထပ်ဆောင်းဘဏ္ဍာငွေ ၁၃.၂ ထရီလီယံကို ဂျပန်အစိုးရအဖွဲ့ အတည်ပြုခဲ့

Last Updated:

နေထိုင်မှုကုန်ကျစရိတ်များနှင့် ကုန်စည်ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့် ဝန်ထုပ်ဝန်ပိုးများကို လျှော့ချနိုင်ရေးနှင့် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည့်အစီအမံအသစ်များဖော်ဆောင်နိုင်ရေး ရန်ပုံငွေများပံ့ပိုးပေးနိုင်ရန်အတွက် ၂၀၂၄ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်အတွက် ထပ်ဆောင်းဘဏ္ဍာငွေ ၁၃.၂ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံ)ကို ၁၀-၁၁-၂၀၂၃ ရက်နေ့တွင် ဂျပန်အစိုးရအဖွဲ့အနေဖြင့် အတည်ပြုခဲ့ပါသည်။

အဆိုပါဖြည့်စွက်ဘဏ္ဍာငွေများအနက် ၈.၈၈ ထရီလီယံယန်းကို အစိုးရမှ အသစ်ထုတ်ဝေမည့် ငွေချေးစာချုပ်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလမကုန်မီ လွှတ်တော်၌ ဘတ်ဂျက်စီမံချက်ကို အတည်ပြုသွားရန် အစိုးရအနေဖြင့် မျှော်လင့်ထားကြောင်း ဖော်ပြထားပါသည်။ ဖြည့်စွက်ရန်ပုံငွေခွင့်ပြုပေးခြင်းဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် အစိုးရ၏အသုံးစရိတ်မှာ ယန်း ၁၂၇.၅၈ ထရီလီယံအထိ များပြားလာနိုင်မည်ဖြစ်ကြောင်း၊ ငွေချေးစာချုပ်များ၏အတိုးနှုန်းမြင့်တက်လာပြီး ကြွေးမြီဆိုင်ရာ ကုန်ကျစရိတ်များမြင့်တက်လာနိုင်သည့်အတွက် နိုင်ငံ့ဘဏ္ဍာရေးအခြေအနေကို ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ရန် အရေးပေါ်လိုအပ်လျက်ရှိသည့်အတွက် နိုင်ငံ့စုစုပေါင်းအသုံးစရိတ်၏ ၃ ပုံ ၁ ပုံကျော်ဖြစ်သည့် ၄၄.၅ ထရီလီယံယန်းကို အစိုးရငွေချေးစာချုပ်များအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လောင်စာဆီနှင့်ကုန်ကြမ်းများတင်သွင်းရသည့် ကုန်ကျစရိတ်များမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လျက်ရှိခြင်းနှင့် လစာနှုန်းများကျဆင်းနေချိန်၌ နေ့စဉ်သုံးကုန်စည်များ၏ ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် အစိုးရအပေါ် ထောက်ခံမှုနှုန်းထားများကျဆင်းလျက်ရှိခြင်းတို့ကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရရှိထားသော ဝင်ငွေနည်းအိမ်ထောင်စုများအတွက် ၇၀,၀၀၀ ယန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ထိုသို့ထောက်ပံ့မှုအတွက် ယန်း ၁.၀၆ ထရီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝင်ငွေခွန်နှင့်နေထိုင်ခွန်ကို တစ်ဦးလျှင် ယန်း ၄၀,၀၀၀ လျှော့ချပေးရန်အတွက် ယန်း ၃.၅ ထရီလီယံလိုအပ်လာမည်ဖြစ်ပြီး၊ ထိုသို့လျှော့ချပေးမှုကို ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ပြုလုပ်မည်ဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာနှစ်၏ဘဏ္ဍာငွေတွင် အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ နိုဝင်ဘာလအစောပိုင်းတွင် အစိုးရအဖွဲ့ကအတည်ပြုထားသည့် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးစီမံချက်တွင် အဓိကအားဖြင့် မဏ္ဍိုင် ၅ ရပ် ပါဝင်ကြောင်း၊ ဓာတ်ဆီနှင့်အခြားသော လောင်စာဆီဈေးနှုန်းများလျော့နည်းစေရေးအတွက် အစိုးရက အထောက်အပံ့ပေးမည့်အစီအစဉ်များကို လာမည့်နွေဦးကာလအထိ တိုးမြှင့်ခွင့်ပြုပေးခြင်းအပါအဝင် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့ပါးစေရေးအတွက် ယန်း ၂.၇၄ ထရီလီယံကို သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် အစိုးရအနေဖြင့် ယန်း ၁.၃၃ ထရီလီယံကို အသေးစားနှင့်အလတ်စားကုမ္ပဏီများတွင် လစာနှုန်းထားများတိုးမြှင့်နိုင်ရေးအတွက်ပံ့ပိုးမှုများဆောင်ရွက်နိုင်ရေး သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယန်း ၃.၄၄ ထရီလီယံကို ဉာဏ်ရည်တုနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သော မဟာဗျူဟာကျသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မော်တော်ယာဉ်နှင့်အခြားသောထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများပြတ်တောက်ခဲ့မှုကြောင့် နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် Taiwan Semiconductor Manufacturing Co. နှင့် Rapidus Corp of Japan အပါအဝင် Chip ထုတ်လုပ်မှုနှင့်ဆက်စပ်သည့်လုပ်ငန်းများတွင် အကူအညီများပံ့ပိုးပေးနိုင်ရေးအတွက် ယန်း ၁.၈၅ ထရီလီယံယန်းသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖြည့်စွက်ရန်ပုံငွေကို ကလေးမွေးဖွားနှုန်းကျဆင်းနေမှုကြောင့် ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးနှင့် ဂျပန်ပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်သင့်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက်လည်း သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။         

လတ်တလောနှစ်များအတွင်း အစိုးရအနေဖြင့် တိုးမြှင့်ကောက်ခံရရှိထားသည့် အခွန်ဘဏ္ဍာ =ငွေများအနက် အချို့ကို အခွန်လျှော့ချပေးခြင်းဖြင့် ပြည်သူသို့ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ခီရှိဒက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် ဘက်စုံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့်အစီအမံ(Comprehensive Economic Measures)များအဖြစ် အောက်ပါအချက်(၅)ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-

(က)   ကုန်စည်ဈေးနှုန်းမြင့်မားလာမှုကြောင့် ပြည်သူလူထု၏လူမှုဘဝများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ပေးနိုင်ရန်။

(ခ)     ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအနေဖြင့် လစာ တိုးမြှင့်ပေးနိုင်ရန်။

(ဂ)     ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းခိုင်မာလာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာများကို ဖော်ဆောင်ပေးနိုင်ရန်။

(ဃ)   လူဉီးရေကျဆင်းလာမှုကို ကျော်လွှားနိုင်ရေးအတွက် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန်။

(င)     ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံမှုရှိစေရေး ဆောင်ရွက်ရန်။

ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသော်လည်း ငွေကြေးဖောင်းပွမှုနှုန်းနှင့်အညီ လစာနှုန်းထားများကို တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးသည့်အတွက် အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူများနှင့်စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ တတ်နိုင်သမျှလျော့နည်းစေမည့်အစီအမံများ(Stimulus Package)ကို ချမှတ်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

ဂျပန်အစိုးရအနေဖြင့် ဝင်ငွေခွန်ကို တစ်ဦးလျှင် ယန်း ၃၀,၀၀၀ နှင့် နေထိုင်ခွန်ကို တစ်ဦးလျှင် ယန်း ၁၀,၀၀၀ တစ်ကြိမ်စီ သက်သာခွင့်နှင့် နေထိုင်ခွန်ကင်းလွတ်ခွင့်ရရှိပြီးဖြစ်သည့် ဝင်ငွေနည်းအိမ်ထောင်စုများအား ထောက်ပံ့ကြေးငွေအဖြစ် ယန်း ၇၀,၀၀၀ ကို ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ လောင်စာဆီ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီတာခနှုန်းထားများမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသည့်သက်ရောက်မှုများကို လျော့ပါးစေရေးအတွက် အစိုးရ၏အထောက်အပံ့ပေးလျက်ရှိသည့် အစီအစဉ်များကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။

Source:    The Nikkei Asia (၁၀-၁၁-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: India (Delhi)