India (Delhi)

အိန္ဒိယအစိုးရက အီသနောထုတ်လုပ်မှုအတွက် သကြားတန်ချိန် ၁.၇ သန်းကို ပြောင်းလဲအသုံးပြုရန် ခွင့်ပြုနိုင်

Last Updated:

အိန္ဒိယအစိုးရက အီသနောထုတ်လုပ်ရန်အတွက် သကြားစက်များနှင့် ပေါင်းခံစက်ရုံများအား ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကြံရည်နှင့် ဖျော်ရည်များအတွက် သကြားကို အသုံးမပြုရန် ညွှန်ကြားထားပြီး ရက်အနည်းငယ်အကြာတွင် သကြားတန်ချိန် ၁.၇ သန်းကို အီသနောထုတ်လုပ်ရန်အတွက် လွှဲပြောင်းခွင့်ပြုဖွယ်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။  

အစားအသောက်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အီသနောထုတ်လုပ်မှုအတွက် သကြားတန်ချိန် ၁.၇ သန်းကို လွှဲပြောင်းခွင့်ပြုမည့် အကြောင်းကြားစာအသစ်ကို အစိုးရမှ ထုတ်ပြန်ရန်ရှိကြောင်း၊ အဆိုပါအကြောင်းကြားစာတွင် ဖျော်ရည်နှင့်ဖျော်ရည်များမှ ထုတ်လုပ်နိုင်သည့်ပမာဏကို ဖော်ပြမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အစိုးရက အီသနောထုတ်လုပ်ရန်အတွက် ဒီဇင်ဘာ ၇ ရက်တွင် သကြားစက်ရုံများနှင့် ပေါင်းခံစက်ရုံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကြံရည် သို့မဟုတ် သကြားရည်များအသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရန်ညွှန်ကြားခဲ့ကြောင်း၊  သို့ရာတွင် တင်လဲရည်နှင့် အစားအသောက်အစေ့အဆန်ထုတ်လုပ်မှုများကို လစဉ်ပြန်လည်သုံးသပ်မှုအရ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရာသီဥတုမမှန်ခြင်းကြောင့်ကြံထုတ်လုပ်မှု ကျဆင်းခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် သကြားဈေးနှုန်းများမြင့်တက်ခြင်းတို့အပေါ် စိုးရိမ်မှုများကြောင့် အစိုးရက ယခုကဲ့သို့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပျမ်းမျှစားသုံးသူလက်ကားဈေးသည် ဒီဇင်ဘာ ၁၄ ရက်တွင် ၁၀၀ ကီလိုလျှင် ၄၁၄၀ ရူပီးခန့်ဖြစ်ပြီး ယမန်နှစ် အလားတူကာလတွင် စျေနှုန်းမှာ ၁၀၀ ကီလိုလျှင် ၃၉၃၅ ရူပီးသာရှိခဲ့သည်ကို အစိုးရ၏အချက်အလက်များအရ သိရသည်။ စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းကြီးမြင့်မှုသည် အောက်တိုဘာလက ၆.၆၁ ရာခိုင်နှုန်းသာရှိသော်လည်း နိုဝင်ဘာလတွင် ၈.၇ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သဖြင့် အစိုးရအနေဖြင့် ၂၀၂၄ အထွေထွေရွေးကောက်ပွဲကာလတွင် မရှိမဖြစ်လိုအပ်သော အခြေခံစားသောက်ကုန်များ၏ဈေးနှုန်းများကို  ထိန်းချုပ်နိုင်ရန် အရေးကြီးသည်ဟု သုံးသပ်လျက်ရှိသည်ကို တွေ့ရှိရသည်။

အောက်တိုဘာလတွင် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)မှ သကြားတင်ပို့မှုကန့်သတ်ချက်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့နောက်ပိုင်းတွင် ကာလသတ်မှတ်ချက်မရှိ ကန့်သတ်ကာလအဖြစ် ပြင်ဆင်ခဲ့ပါသည်။

အိန္ဒိယသကြားစက်လုပ်ငန်းရှင်များအသင်းက အီသနောထုတ်လုပ်နိုင်ရန်အတွက် ကြံရည်အသုံးပြုမှုကို ရုတ်တရက်ပိတ်ပင်လိုက်ခြင်းသည် သကြားစက်များ၏စွမ်းဆောင်ရည်အပေါ် ဆိုးရွားစွာအကျိုးသက်ရောက်စေမည်ဖြစ်ပြီး အစိမ်းရောင်လောင်စာဆီအတွက် စက်ရုံများထူထောင်ရန် လွန်ခဲ့သည့်သုံးနှစ်အတွင်း ၎င်းတို့ရင်းနှီးမြုပ်နှံထားသည့် ရူပီးသန်းပေါင်းတစ်သိန်းငါးသောင်းခန့်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းနှင့် ကြံစိုက်တောင်သူများကို ငွေပေးချေရာတွင် ကြန့်ကြာမှုများရှိလာနိုင်သဖြင့် စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံရှိ မဟာရက်ရှ်ထရာနှင့် ကာနာတာကာပြည်နယ်တို့ကဲ့သို့သော အဓိကကြံထွက်သည့်ပြည်နယ်များတွင် မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ယခုနှစ်တွင် ၃ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်းအသီးသီးလျော့နည်းခဲ့ကြောင်း၊ မိုးရေလုံလောက်စွာမရရှိခြင်းကြောင့် ကြံအထွက်နှုန်းနည်းပါးစေပြီး ရလဒ်အနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီချိန် အောက်တိုဘာလ ၂၀၂၃ မှ စက်တင်ဘာလ ၂၀၂၄ ခုနှစ်အတွင်း)တွင် ကြံထုတ်လုပ်မှု ၉ ရာခိုင်နှုန်းကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း CRISIL အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံမှ ပြည်တွင်းလောင်စာဆီလိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းနေရမှုအပေါ် မှီခိုနေရမှုအား လျှော့ချနိုင်ရေးအတွက် ကြံမှ အီသနောလောင်စာဆီထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခုနှစ်များတွင် အီသနောလောင်စာဆီထုတ်လုပ်မှုကို ပိုမိုတွန်းအားပေးဆောင်ရွက်လာသည့်အပြင် ရာသီဥတုဖောက်ပြန်မှုများကြောင့် သကြားအထွက်နှုန်းလျော့နည်းသည့်အတွက် ပြည်ပသို့တင်ပို့မှုကို ကန့်သတ်ထားသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုသို့အိန္ဒိယနိုင်ငံမှ နိုင်ငံတကာသို့ သကြားတင်ပို့မှုကန့်သတ်ခြင်းသည် နိုင်ငံတကာဈေးကွက်အပေါ် သက်ရောက်မှုများရှိသကဲ့သို့ ဒေသတွင်းသကြားထုတ်လုပ်သည့် နိုင်ငံများအတွက်လည်း ဈေးကွက်အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှသကြားထုတ်လုပ်သူများအတွက်လည်း ဈေးကွက်အခြေအနေအား မျက်ခြေမပြတ်လေ့လာစောင့်ကြည့်၍ အခွင့်အလမ်းများကို ထိရောက်စွာ ရှာဖွေဆောင်ရွက်သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း လောင်စာဆီကို ပြည်ပမှ မှီခိုနေရသည့်အတွက် အိန္ဒိယနိုင်ငံ၏ လောင်စာဆီအစားထိုးနိုင်ရေးအတွက် ကြံမှ အီသနောထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ဖြစ်နိုင်ဖွယ်ရာအခြေအနေများအား လေ့လာစောင့်ကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source : Government to allow diversion of 1.7 million tonnes of sugar for ethanol production, Economic Times, 15 December 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)