India (Delhi)

အိန္ဒိယသည် ဆန်တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၄ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်ဖွယ်ရှိသဖြင့် ကမ္ဘာ့ဈေးနှုန်းများ အမြင့်ဈေးတွင် ဆက်လက်ရှိနိုင်

Last Updated:

ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် လာမည့်နှစ်ထိ ပြည်ပသို့ ဆန်ရောင်းချမှု တားမြစ်ချက်အား ဆက်လက်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းနှင့် ယင်းဆောင်ရွက်ချက်သည် ၂၀၀၈ ခုနှစ် စားနပ်ရိက္ခာအကျပ်အတည်းနောက်ပိုင်း အခြေခံစားသောက်ကုန်စည်ဖြစ်သည့် ဆန်၏ဈေးနှုန်းသည် အမြင့်ဆုံးနီးပါး ဆက်လက်တည်ရှိနိုင်သည်ဟု The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ဆန်ထွက်ရှိမှုများပြားပြီး စျေးနှုန်းသက်သာခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ထိပ်တန်းတင်ပို့သူစာရင်းဝင်ဖြစ်လာခဲ့ပြီး မကြာသေးမီက ကမ္ဘာ့ဆန် စုစုပေါင်းတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းနှင့် ဘီနင်နှင့်ဆီနီဂေါတို့ကဲ့သို့ အာဖရိကနိုင်ငံများသည် ထိပ်တန်းဝယ်ယူသူများထဲတွင် ပါဝင်ကြောင်း သိရသည်။

သို့သော် လာမည့်နှစ်တွင် ပြန်လည်အရွေးခံမည့် ၀န်ကြီးချုပ်နာရင်ဒြာမိုဒီသည် ပြည်တွင်းစျေးနှုန်းမြင့်တက်မှုကို တားဆီးရန်နှင့် အိန္ဒိယစားသုံးသူများကို အကာအကွယ်ပေးရန်အတွက် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ထပ်ခါတလဲလဲတင်းကျပ်ထားကြောင်း၊ ပြည်တွင်းဆန်ဈေးတက်နေလျှင် ကန့်သတ်ချက်များဆက်လက်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်းနှင့် ရွေးကောက်ပွဲပြီးသည့်အချိန်တွင်ပင် ပြည်တွင်းဆန်ဈေးနှုန်းမတည်ငြိမ်ပါက တားမြစ်ချက်အစီအမံများကို ဆက်လက်သက်တမ်းတိုးမည့်အလားအလာများရှိကြောင်း Nomura Holdings Inc မှ စီးပွားရေးပညာရှင် Sonal Varma က  ပြောကြားထားသည်။

အိန္ဒိယသည် ဆန်ကွဲနှင့်ဘာစမာတီမဟုတ်သော ဆန်ဖြူများတင်ပို့မှုအား ကန့်သတ်ထားသည့်အပြင် အနိမ့်ဆုံးပို့ကုန်စျေးနှုန်းနှင့် ပို့ကုန်ခွန်များသတ်မှတ်ဆောင်ရွက်ခဲ့သဖြင့် ဩဂုတ်လတွင် စျေးနှုန်းများသည် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့မြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအချို့၏တင်သွင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း၊ နိုင်ငံတစ်ချို့က သက်သာသောဈေးနှုန်းဖြင့်ရရှိရန် ကြိုးပမ်းကြကြောင်းနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏အဆိုအရ အောက်တိုဘာလတွင် ဆန်သည် လွန်ခဲ့သည့်နှစ်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုတ်သုံစိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုမှာ ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းနီးပါးကျဆင်းနိုင်သည်ဟု အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး၊ ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီတွင် စုစုပေါင်းမိုးရွာသွန်းမှုသည် ငါးနှစ်အတွင်း အနည်းဆုံးဖြစ်ကြောင်း၊ လူသန်းပေါင်း ၈၀၀ ကျော်ကို အကျိုးပြုသည့်နိုင်ငံ၏ အခမဲ့စားနပ်ရိက္ခာအစီအစဉ်ကို ကျောထောက်နောက်ခံအထောက်အပံ့များ ရရှိနိုင်စေရန် သေချာစေခြင်းသည် အစိုးရ၏ထိပ်တန်းဦးစားပေးဖြစ်ကြောင်းနှင့် ပြည်နယ်ငါးခုတွင် ရွေးကောက်ပွဲများမကျင်းပမီ ရက်ပိုင်းအလိုတွင် အဆိုပါအစီအစဉ်ကို ငါးနှစ်သက်တမ်းတိုးမည်ဟု မိုဒီက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

စားနပ်ရိက္ခာစရိတ်များတိုးမြင့်လာခြင်းကြောင့် အစားအစာများပေးဝေဖြန့်ဖြူးခြင်းသည် ပိုမိုအရေးကြီးလာကြောင်း၊ အိန္ဒိယနိုင်ငံရှိ ဆန်လက်လီဈေးသည် ယခင်နှစ်ကထက် ၁၈ ရာခိုင်နှုန်းတက်လာပြီး ဂျုံဈေးသည်လည်း ၁၁ ရာခိုင်နှုန်းတက်လာကြောင်း အစားအသောက်ဝန်ကြီးဌာနမှ ပြုစုထားသော အချက်အလက်များအရ သိရသည်။

စားသောက်ကုန်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစိုးရသည် အစားအသောက်ဈေးနှုန်းများကို အမြဲမပြတ်စောင့်ကြည့်နေပြီး တင်ပို့မှုအပေါ် သင့်လျော်သော ဆုံးဖြတ်ချက်ကို အချိန်နှင့်တပြေးညီဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူများသာမက တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုလည်း အလေးထားကြောင်း ပြောကြားခဲ့သည်။

မိုဒီအစိုးရသည် နိုင်ငံတွင်းစားနပ်ရိက္ခာလုံလောက်မှုသေချာစေရန်နှင့် စျေးနှုန်းတည်ငြိမ်ရန် လိုလားသည့်အတွက် လာမည့်နှစ်ရွေးကောက်ပွဲကာလအထိ ပို့ကုန်ကန့်သတ်ချက်များကို ဆက်လက်ထားရှိနိုင်ဖွယ်ရှိကြောင်း ဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ B.V. Krishna Rao မှလည်း ပြောကြားထားသည်။       

အာရှတစ်ဝှမ်း သီးနှံများအပေါ် သက်ရောက်မှုရှိသည့် အယ်လ်နီညိုကြောင့် ကမ္ဘာ့ဆန်ဈေးကွက်ကို ပိုမိုတင်းကျပ်မှုများဖြစ်လာစေနိုင်ကြောင်းနှင့် ခြောက်သွေ့သောရာသီဥတုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ် အတွင်း ဆန်တင်ပို့မှု ၆ ရာခိုင်နှုန်းကျဆင်းနိုင်သည်ဟု ကမ္ဘာ့သို့ဆန်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအစိုးရမှ ပြောကြားထားသည်။

အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှုကန့်သတ်ချက်အပေါ် ဖြည့်ဆည်းပေးမည့် အခြားသောဆန်ရောင်းချသည့်နိုင်ငံများစွာမရှိသဖြင့် ယင်းမှာခက်ခဲသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဝါရှင်တန်ရှိ နိုင်ငံတကာအစားအစာမူဝါဒလေ့လာရေးအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ Joseph Glauber က ပြောကြားခဲ့သည်။

အိန္ဒိယ၏မူဝါဒသည် နိုင်ငံအတွင်းရှိ အခြေခံလူတန်းစားများကို အကျိုးပြုနိုင်သော်လည်း ဘီလီယံနှင့်ချီသော ကမ္ဘာ့ဆန်ထောက်ပံ့မှုအပေါ် မှီခိုနေရသော အာဖရိကနှင့် အာရှရှိ အခြားနေရာများတွင် ပြောင်းပြန်အကျိုးသက်ရောက်မှုများရှိကြောင်း၊ ဖိလစ်ပိုင်တွင် ဆန်ဈေးနှုန်းကြီးမြင့်မှုသည် စက်တင်ဘာလတွင် ၁၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားတွင် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရသည် သွင်းကုန်များကို အရှိန်မြှင့်တင်ဆောင်ရွက်နေကြောင်း သိရသည်။

အနောက်အာဖရိကရှိ နိုင်ဂျီးရီးယားနိုင်ငံသားများသည် စရိတ်စကများမြင့်တက်မှုဒဏ်ခံရသည့် နိုင်ငံများတွင်ပါဝင်ပါကြောင်း၊ နိုင်ဂျီးရီးယားတွင် လူကြိုက်များသော ဂျိုလော့ဖ်ပြုလုပ်ရာ၌ အဓိကပါဝင်ပစ္စည်းဖြစ်သောဆန်သည် စက်တင်ဘာလတွင် ၆၁ ရာခိုင်နှုန်းခုန်တက်သွားကြောင်းနှင့် ၂၀၀၅ ခုနှစ် သြဂုတ်လနောက်ပိုင်း အလျင်မြန်ဆုံးအရှိန်အဟုန်ဖြင့် မြင့်တက်လာသောကြောင့် နှစ်စဉ်စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုသည် ၃၀.၆ ရာခိုင်နှုန်းသို့ လျင်မြန်စွာရောက်ရှိခဲ့ကြောင်း သိရသည်။

USA Rice ၏ဥက္ကဌနှင့် CEO ဖြစ်သူ Peter Bachmann က အိန္ဒိယသည် ယခုအချိန်တွင်  လုံလောက်သည့်ဆန်သိုလှောင်မှုထက် ပိုနေပြီဖြစ်ကြောင်းနှင့် ပို့ကုန်ပိတ်ပင်မှုသည် မလိုအပ်ဘဲဆောင်ရွက်ခြင်းကြောင်း၊ ၎င်းတို့၏ပို့ကုန်လုပ်ငန်းရှင်များနှင့် အာရှရှိ အခြားသောပို့ကုန်လုပ်ငန်းရှင်များသည် ရေတိုတွင် အကျိုးဖြစ်ထွန်းနေသော်လည်း အိန္ဒိယသည် လာမည့်လများအတွင်း ပို့ကုန်တားမြစ်ချက်ကို ရုတ်သိမ်းလိုက်သောအခါတွင် ယင်းသည် ကမ္ဘာ့ဆန်စျေးနှုန်းများကို သိသိသာသာကမောက်ကမပြန်လည်ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားထားသဖြင့် အိန္ဒိယနိုင်ငံတွင် နောက်နှစ်ရွေးကောက်ပွဲပြီးစီးမည့်အချိန်အထိ ဆန်ဖြူတင်ပို့မှုအား ကန့်သတ်ပိတ်ပင်ထားရှိနိုင်ကြောင်း ဆန်လုပ်ငန်းကဏ္ဍမှ တာဝန်ရှိသူ များမှ ယူဆလျက်ရှိမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source : India seen keeping rice export bans into 2024, holding up global prices, The Economic Times, November 19, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)