India (Delhi)

အိန္ဒိယ e-commerce တင်ပို့မှုသည် လာမည့် ၆  နှစ်၊ ၇ နှစ်အတွင်း ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရှိလာမည်

Last Updated:

အိန္ဒိယနိုင်ငံသည် e-commerce မှ ပို့ကုန်တင်ပို့မှုသည် လက်ရှိတွင်ဒေါ်လာ ၁.၂ ဘီလီယံမှ လာမည့်ခြောက်နှစ်တာကာလအတွင်း ဒေါ်လာ ၂၀၀ ဘီလီယံအထိရှိလာနိုင်သော ကြောင့် အိန္ဒိယ၏ e-commerce ဂေဟစနစ်သည် မဝေးတော့သောအနာဂတ်တွင် များစွာပြောင်းလဲလာမည်ဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Santosh Kumar Sarangi က ပြီးခဲ့သည့်သောကြာနေ့၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FICCI)မှ စီစဉ်ကျင်းပသော 'E-commerce Exports' ညီလာခံတွင် ၎င်းက e-commerce တင်ပို့မှု၏ ကြီးမား သောအလားအလာကို အလေးပေးပြောကြားခဲ့ကြောင်း၊ အမျိုးအစားစုံလင်သည့် မတူညီသည့်ထုတ်ကုန်ပစ္စည်း၊ ထုတ်ကုန်ဆန်းသစ်တီထွင်မှုနှင့် သီးခြားဈေးကွက်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် အိန္ဒိယလုပ်ငန်းရှင်များ၏ စွမ်းဆောင်နိုင်မှုကိုအခြေခံ၍ ၎င်းက ခန့်မှန်းထားခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် အိန္ဒိယသည် e-commerce ကဏ္ဍသည် တရုတ်နိုင်ငံ၏ဆောင်ရွက်နိုင်မှု၏ အနည်းငယ်သောပမာဏကိုသာ ‌ဆောင်ရွက်နိုင်သေးသော်လည်း  လာမည့်ခြောက်နှစ်မှ ခုနစ်နှစ်အတွင်းတွင် ၎င်းတို့ သည် e-commerce တင်ပို့မှုမှ ဒေါ်လာ ၂၀၀ ဘီလီယံခန့်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အိန္ဒိယတွင် ထောက်ပံ့ပို့ဆောင်ရေးစနစ်များနှင့် မူဝါဒချမှတ်မှုများတွင် အပြောင်းအလဲများစွာ ဆောင်ကြဉ်းရန်လိုအပ်ပါကြောင်း၊ ထို့အပြင် အိန္ဒိယဗဟိုဘဏ်(RBI)၏ e-commerce အပေါ် ထိန်းကြောင်းကြပ်မတ်မှု စသည့်လုပ်ငန်းများတွင် အပြောင်း အလဲများစွာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း Sarangi က ပြောကြားထားသည်။

ထို့အပြင် Sarangi က အိန္ဒိယနိုင်ငံ၏ e-commerce ဂေဟစနစ်သည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေပြီး လာမည့်ရက်များအတွင်း ပို့ကုန်မှ ဒေါ်လာ ၂ ထရီလီယံရရှိရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ DGFT သည် e-commerce တင်ပို့မှုများကို ဖြေလျှော့ပေးရန် အခြားသောဆက်စပ်ဌာနများနှင့်အတူ အစီအစဉ်များစွာပြုလုပ်ခဲ့ကြောင်း၊ e-commerce လုပ်ငန်းတွင် အဓိကကျသောအချက်လေးချက်မှာ ထောက်ပံ့ပို့ဆောင်ရေး၊ e-commerce ဝန်ဆောင်မှုပေးသူ၊ နိုင်ငံတကာငွေပေးချေမှုစနစ်များနှင့် လုပ်ထုံးလုပ်နည်းများချမှတ်၍ ကြပ်မတ်ဆောင်ရွက်ရမည့်ဌာနများဖြစ်ကြောင်း၊ ယင်းဌာနများတွင် ဗဟိုဘဏ်၊ အခွန်ဌာနနှင့် DGFT တို့ပါဝင်ကြောင်း Sarangi  က ပြောကြားထားသည်။

သို့ရာတွင် e-commerce စနစ်အောင်မြင်ရန်အတွက် B2B စနစ်များကိုသာ အားသန်နေကြသည့် သက်ဆိုင်ရာဌာနများ၏ သဘောထားကိုလည်း ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ အချိန်ကာလတစ်ခုအတွင်းတွင် အိန္ဒိယရှိ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ(fintech)ကဏ္ဍသည် ဆန်းသစ်သောငွေပေးချေမှုနည်းလမ်းများနှင့်အတူ ပို၍အရေးကြီးသည့် ကုန်ကျစရိတ်သက်သာသော ငွေပေးချေမှုနည်းလမ်းများအား ပံ့ပိုးပေးနိုင်ပြီး အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်းနှင့် e-commerce လုပ်ငန်းကို တရားမျှတပြီး ကျင့်ဝတ်သိက္ခာရှိရှိလုပ်ဆောင်နိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များအား အသိပညာပေးခြင်းတို့ပြုလုပ်ရန်ကိုလည်း Sarangi က အလေးအနက်ပြောကြားခဲ့သည်။

ယခုအချိန်တွင် သမရိုးကျကုန်သွယ်မှုလုပ်ငန်းများထက် အချိန်၊ ငွေကြေး၊ လုပ်အားတို့ကို ပိုမိုထိရောက်စွာအသုံးပြုနိုင်သည့် e-commerce လုပ်ငန်းကို နိုင်ငံအများစုက အလေးထားဆောင်ရွက်လျက်ရှိကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးပြီးဖြစ်သည့်နိုင်ငံများ၏ e-commerce စနစ်အတွေ့အကြုံများကိုလေ့လာ၍ မိမိနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်းနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများလေ့လွင့်ဆုံးရှုံးမှုမရှိစေရေး သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

Source: Indian e-commerce exports should touch $200 billion in next 6-7 years : DGFT, Business Standard, November 17, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)