India (Delhi)

အိန္ဒိယသည် သကြားတင်ပို့မှုအပေါ် ကန့်သတ်ချက်များအား သက်တမ်းတိုးမြှင့်ခဲ့ပြီး၊ ဆန်ဖြူတင်ပို့မှုအတွက် ဖြေလျှော့မှုများဆောင်ရွက်

Last Updated:

ပြည်တွင်း၌ မိုးရွာသွန်းမှုမမျှတမှုတို့ကြောင့် သကြားထွက်ရှိမှုကျဆင်းမည်ကို စိုးရိမ်သဖြင့် အိန္ဒိယအစိုးရက သကြားအဖြူရောင်၊ သန့်စင်ပြီး၊ အော်ဂဲနစ် စသည့်အမျိုးအစားအားလုံး၏  တင်ပို့မှုအားလုံးအပေါ် ကန့်သတ်ချက်များကို အောက်တိုဘာလ ၃၁ ရက်နေ့နောက်ပိုင်း ဆက်လက်သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သကြားသည် အောက်တိုဘာ ၃၁ ရက်အထိ ကန့်သတ်စာရင်းတွင် ပါရှိကြောင်း၊  သို့ရာတွင် စားသောက်ကုန်ဝန်ကြီးဌာနသည် သကြားရရှိနိုင်မှုပေါ်မူတည်၍ အချို့သောပမာဏကိုတင်ပို့ခွင့်ပြုလျက်ရှိကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

သို့သော် CXL နှင့် TRQ ဆိုင်ရာ သွင်းကုန်အခွန်စည်းကြပ်မှုကိုတာ လိုက်လျောမှုအရ ဥရောပသမဂ္ဂနှင့် US သို့ သကြားတင်ပို့နေမှုများသည် ယခုကန့်သတ်ချက်နှင့် အကျုံးဝင်မည်မဟုတ်ကြောင်းနှင့် သတ်မှတ်ထားသော သကြားပမာဏကို သက်သာသောအခွန်နှုန်းထားနှင့် ယင်းနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ဘာစမာတီမဟုတ်သည့် ဆန်ဖြူနှင့်စပ်လျဉ်း၍ အိန္ဒိယသည် နီပေါ၊ ကင်မရွန်း၊ မလေးရှား၊  ဖိလစ်ပိုင်၊  ဆေးရှဲလ်၊ အိုင်ဗရီကို့စ်နှင့် ဂီနီသမ္မတနိုင်ငံ စသည့်နိုင်ငံခုနစ်နိုင်ငံသို့ တန်ချိန် ၁,၀၃၄,၈၀၀ တင်ပို့ရန် ဗုဒ္ဓဟူးနေ့တွင် ခွင့်ပြုခဲ့ကြောင်း၊ ဆန်တင်ပို့မှုကို National Cooperative Exports Limited (NCEL)မှတစ်ဆင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)၏အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသဖြင့် အိန္ဒိယနိုင်ငံ၏သကြားနှင့် ဆန်ဖြူတင်ပို့မှုအပေါ် မူဝါဒများပြင်ဆင်ချမှတ်ဆောင်ရွက်နေမှုအခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Curbs extended on exports of sugar, eased for rice, The Economic Times, October 19, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)