India (Delhi)

၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်တွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇.၈ ရာခိုင်နှုန်းလျော့နည်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လမှစက်တင်ဘာလသုံးလပတ်ကာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ရှယ်ယာဝင်ရောက်မှုသည် ၉.၅ ဘီလီယံသာရှိသဖြင့် ပြီးခဲ့သည့်နှစ် ကာလတူတွင်ရရှိသည့် ဒေါ်လာ ၁၀.၃ ဘီလီယံထက် ၇.၇ ရာခိုင်နှုန်းလျော့နည်းသွားခဲ့သည်ဟု စက်မှုလက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DPIIT)မှထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အိန္ဒိယသို့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု၊ ပြန်လည်ရင်းနှီးမြုပ်နှံထားသည့် ၀င်ငွေများနှင့်အခြားသော ရင်းနှီးမြှုပ်နှံမှုများအပါအဝင် စုစုပေါင်း FDI ဝင်ရောက်မှုသည် လွန်ခဲ့သည့်နှစ် ဒုတိယသုံးလပတ်တွင် ဒေါ်လာ ၁၆.၆ ဘီလီယံရှိခဲ့ရာမှ ယခုဘဏ္ဍာရေးနှစ် အလားတူကာလတွင် ၁၅.၃ ဘီလီယံသာ ဝင်ရောက်ခဲ့သဖြင့်  ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ဘဏ္ဍာနှစ်၏ပထမနှစ်ဝက်တွင် FDI ဝင်ရောက်မှုသည် ဒေါ်လာ ၂၀.၄ ဘီလီယံသာရှိသဖြင့် ၂၄ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်းနှင့် ယင်းကာလတွင် စင်ကာပူသည် ထိပ်ဆုံးရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့်နိုင်ငံဖြစ်ပြီး ၎င်း၏နောက်တွင် မောရစ်သျှနိုင်ငံသည် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှုပြုထားကြောင်း သိရှိရသည်။  

ပြည်ပနိုင်ငံများမှရင်းနှီးမြှုပ်နှံမှုများသည် ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် ကျဆင်းသွားသော်လည်း စက်တင်ဘာလတွင် ပြီးခဲ့သည့်နှစ်က ဒေါ်လာ ၂.၉၇ ဘီလီယံမှ ယခုနှစ်တွင် ဒေါ်လာ ၄.၀၈ ဘီလီယံအထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

အခွန်သက်သာခွင့်များရရှိသောကေမန်ကျွန်းများ(Cayman Islands)နှင့် ဆိုက်ပရပ်စ်နိုင်ငံတို့သည် အိန္ဒိယနိုင်ငံအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်သည့် နိုင်ငံအရင်းအမြစ် ၁၀ ခုတွင် ပါဝင်ကြောင်း၊  သို့သော်  မော်ရစ်သျှ၊ ဆိုက်ပရပ်စ်၊ အမေရိကန်နှင့် ကေမန်ကျွန်းစုများမှ FDI စီးဆင်းမှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမနှစ်ဝက်တွင် လျော့နည်းသွားကြောင်း အချက်အလက်များအရ သိရှိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအနက် ဝန်ဆောင်မှုကဏ္ဍသည် ပထမနှစ်ဝက်တွင် ဒေါ်လာ ၃.၈ ဘီလီယံအမြင့်ဆုံး၀င်ရောက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း(အခြေခံအဆောက်အအုံ)များ၊ ကွန်ပျူတာဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲကဏ္ဍတစ်ခုချင်းစီတွင် ကန်ဒေါ်လာ ၂.၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် မဟာရက်ရှထရာပြည်နယ်သည် အများဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၇.၉ ဘီလီယံရရှိခဲ့ရာမှ ယခုနှစ်တွင် ၈ ဘီလီယံဝင်ရောက်ခဲ့ကြောင်း၊ ယင်းပြည်နယ်နောက်တွင် ကာနာတာကာပြည်နယ်သည် ဒုတိယအများဆုံးဝင်ရောက်သည့် ပြည်နယ်ဖြစ်သော်လည်း ယခင်နှစ်တွင် ဒေါ်လာ ၅.၃ ဘီလီယံဝင်ရောက်ခဲ့ရာမှ ယခုနှစ်တွင် ၂.၈ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ ဂူဂျာရတ်၊ ရာဂျက်စတန်၊ ဒေလီ၊ တမီလ်နာဒူးနှင့် ဟာရာနာပြည်နယ်တို့တွင်လည်း FDI များလျော့နည်းခဲ့ကြောင်း သိရသည်။

ကိုဗစ် ၁၉ ကပ်ရောဂါများကြောင့် ကမ္ဘာတဝှမ်း FDI စီးဝင်မှုများမှာ ၂၀၂၂ ခုနှစ်တွင်  ဒေါ်လာ ၁.၃ ထရီလီယံသို့ ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ယင်းနှစ်တွင် အိန္ဒိယနှင့်အာဆီယံနိုင်ငံတို့သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အများဆုံးလက်ခံရရှိသည့်နိုင်ငံများဖြစ်ခဲ့ပြီး ၁၀ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းအသီးသီးတိုးတက်ရရှိခဲ့ကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD)၏အချက်အလက်များအရ သိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: FDI Shrinks 7.8 % in second quarter of FY24, The Economic Times, November 21, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)