India (Delhi)

အခွန်ကောက်ခံကာကွယ်ပေးမှုများသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိသာ အကူအညီဖြစ်စေနိုင်မည်

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာခုံရုံးက အိန္ဒိယနိုင်ငံသည် ချမှတ်ထားသည့် ကုန်သွယ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ချိုးဖောက်သည်ဟု တွေ့ရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် အီလက်ထရောနစ်ပို့ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ထွန်းသစ်စလက်ကိုင်ဖုန်းထုတ်လုပ်မှုများအတွက် အခွန်ကောက်ခံကာကွယ်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးနိုင်ကောင်းပေးနိုင်မည်ဟု The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ထိုကဲ့သို့ဖြစ်လာနိုင်ခြင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏လက်ထက်တွင် ကုန်သွယ်မှုအကာအကွယ်ပေးခြင်းများကို ဆန့်ကျင်သည့် အယူခံမှုများစွာဖြစ်ပေါ်ခဲ့သော်လည်း WTO ၏ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းပေးခြင်းများမှာ အလုပ်မဖြစ်ခဲ့သောကြောင့်ဖြစ်ပါကြောင်း၊ အိန္ဒိယကနည်းပညာဆိုင်ရာကုန်စည်များအပေါ် အခွန်ကောက်ခံခြင်းမပြုရန် လက်မှတ်ရေးထိုးထားသည့် အီလက်ထရောနစ်ကုန်ပစ္စည်းများစာရင်းတွင် လက်ကိုင်ဖုန်းများပါဝင်ခြင်းမရှိဟု အကြောင်းပြချက်ပေးထားပါကြောင်း၊ WTO အနေဖြင့် ၁၉၉၆ ခုနှစ်တွင် ချုပ်ဆိုထားသည့် သတင်းအချက်အလက်နည်းပညာသဘောတူစာချုပ်တွင်ပါဝင်သည့် ကုန်ပစ္စည်းများစာရင်းကို ထပ်တိုးထားသည့် ပြဌာန်းချက်လည်းရှိပါကြောင်း၊ ထို့ကြောင့် ခုံရုံး၏ဆုံးဖြတ်ဆောင်ရွက်မှုအခြေအနေများမှာ အိန္ဒိယနိုင်ငံ၏ နည်းဗျူဟာဆိုင်ရာခုခံချေပခြင်းများအပေါ်တွင် များစွာမူတည်နေပါကြောင်း The Economic Times သတင်းစာက သုံးသပ်ထားပါသည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် နိုင်ငံစုံကုန်သွယ်မှုအတွက်အကျိုးဖြစ်ထွန်းရန် အကောင်းဆုံးနည်းလမ်းမဟုတ်သော်လည်း ပြည်တွင်းလက်ကိုင်ဖုန်းထုတ်လုပ်မှုကဏ္ဍအတွက် ကြီးမားစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ Apple ၊ Samsung တို့ကဲ့သို့သော ကမ္ဘာ့နာမည်ကြီးကုန်အမှတ်တံဆိပ်များ လာရောက်ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်မှုဆိုင်ရာ အားပေးကူညီမှုများကြောင့် လက်ကိုင်ဖုန်းသည် အိန္ဒိယနိုင်ငံ၏ အီလက်ထရောနစ်ကုန်ပစ္စည်းတင်ပို့မှုတွင် ဦးဆောင်ကဏ္ဍမှ ပါဝင်လာပါကြောင်း၊ အိန္ဒိယနိုင်ငံမှ အီလက်ထရောနစ်ပစ္စည်းများသည် ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်လည်း နေရာရရှိလာပြီဖြစ်ပါကြောင်း၊ “ Made in India” ဟူသော လှုံ့ဆော်မှုအောက်တွင် အလုပ်အကိုင်အခွင့်အလမ်းအလားအလာကောင်းများစွာပါဝင်လာပါကြောင်း၊ WTO တွင် အယူခံဝင်မှုရှုံးနိမ့်လျှင် လျော်ကြေးပေးရမည်ဆိုသည်ကို စိတ်ထဲမထားဘဲ အိန္ဒိယနိုင်ငံ၏ အခွင့်အလမ်းများကို အရဲစွန့်ပြီး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခု WTO သို့ တိုင်ကြားထားသည့် ဥရောပနိုင်ငံကြီးများအဖွဲ့၊ တရုတ်(တိုင်ပေ)နှင့် ဂျပန်နိုင်ငံတို့၏ မိုဘိုင်းဖုန်းထုတ်လုပ်မှုမှာ ကြီးမားမှုမရှိပါကြောင်းနှင့် ယခုအငြင်းပွားမှုတွင် တရုတ်နိုင်ငံပါဝင်ခြင်းမရှိပါကြောင်း The Economic Times က ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ စမတ်ဖုန်းထုတ်လုပ်တင်ပို့မှုအောင်မြင်မှုတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုများစွာရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ကုန်စည်များ၏ လွှမ်းမိုးမှုမှကာကွယ်နိုင်ရန်  ၂၀၀၇ ခုနှစ်ကတည်းက လက်ကိုင်ဖုန်းတင်သွင်းမှုများအပေါ်တွင် ကောက်ခံသည့် အခွန်ကို စတင်တိုးမြှင့်ကောက်ခံခဲ့ပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှုများကြောင့် တရုတ်နိုင်ငံက ကုန်ထုတ်လုပ်မှုများ ရပ်နားထားသည့်အချိန်တွင် ကမ္ဘာ့လက်ကိုင်ဖုန်းထုတ်လုပ်သူများသည် ကုန်ထုတ်လုပ်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်သည့်နေရာကို ရှာဖွေကြရာ အိန္ဒိယနိုင်ငံသည် ရွေးချယ်ရန်ကောင်းမွန်သည့် နေရာတစ်ခုဖြစ်လာပါကြောင်း၊ မိုဘိုင်းဖုန်း ထုတ်လုပ်မှုအတွက် တရုတ်လုပ်ငန်းရှင်ကုန်သည်များကလည်း အိန္ဒိယနိုင်ငံတွင် အကျိုးတူပူးပေါင်းမှုများဆောင်ရွက်လာကြပါကြောင်း၊ ထို့ကြောင့် အခွန်ကောက်ခံကာကွယ်မှုတစ်ခုတည်းဖြင့် အရာအား လုံးကို အဆင်ပြေချောမွေ့စေမည်မဟုတ်ကြောင်းလည်း The Economic Times သတင်းစာ သုံးသပ်တင်ပြထားပါသည်။

Source: Tariff Protection Can Help Only That Long, The Economic Times, 19-4-2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)