India (Delhi)

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံကိုကျော်၍ လူဦးရေအများဆုံး နိုင်ငံဖြစ်လာမည်

Last Updated:

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(United Nation Population Fund)၏ နောက်ဆုံးထုတ်ပြန်ထားသည့်အစီရင်ခံစာအရ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် နှစ်လယ်တွင် တရုတ်နိုင်ငံ၏ လူဦးရေ ၁.၄၂၆ ဘီလီယံကို ကျော်ဖြတ်ပြီး ၁.၄၂၉ ဘီလီယံဖြင့် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာနိုင်ကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အချက်အလက်များအရ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံထက် လူဦးရေ ၃ သန်းခန့် ပိုမိုများလာမည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း အာရှနိုင်ငံများ၏လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၁ ပုံ ကျော်ခန့်ရှိကြောင်း၊ တရုတ်နိုင်ငံလူဦးရေစာရင်းအားတွက်ချက်ရာတွင် ဟောင်ကောင်၊ မကာအို၊ တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ဒေသများနှင့် တိုင်ပေတို့ပါဝင်ခြင်းမရှိဟု အဆိုပါအစီရင်ခံစာက ဖော်ပြထားကြောင်း၊ သို့ရာတွင် လူမှုစီးပွားအညွှန်းကိန်းများ၌ တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံထက် သာလွန်နေပါကြောင်း၊ တရုတ်နိုင်ငံတွင် အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းသည် ၈၂ နှစ် ရှိပြီး အိန္ဒိယအမျိုးသမီး၏ မျှော်မှန်းသက်တမ်းမှာ ၇၄ နှစ်သာရှိပါကြောင်း၊ အလားတူ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် အိန္ဒိယနိုင်ငံထက် ၅ ဆ ပိုများပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆၀၁  အထိရှိသည်ဟု သိရှိရကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးမှာ အသက်၂၅ နှစ်အောက်အရွယ်များဖြစ်နေခြင်းမှာ နိုင်ငံအတွက် အချိန်ကာတစ်ခုအတွင်း အခွင့်အလမ်းများနှင့် အကျိုးအမြတ်များရရှိနိုင်မည့် လူဦးရေဆိုင်ရာ ဆုလဘ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံလုံးဆိုင်ရာ မွေးဖွားမှုနှုန်းမှာ ၂.၁ အောက်သို့ ကျဆင်းနေသော်လည်း ငယ်ရွယ်နုပျိုသောနိုင်ငံအဖြစ် လူဦးရေဆိုင်ရာအသွင်ကူးပြောင်းမှုကို တွေ့မြင်ရခြင်းသည် သမိုင်းတွင်မည့် ထူးခြားသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးများအတွက် ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုများအပါအတွင် လူငယ်များအတွက် အလုပ်အကိုင်ကောင်းများရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးခြင်းဖြင့်  လူဦးရေဆိုင်ရာအခွင့်အလမ်းများကို စီးပွားရေးဆိုင်ရာအခွင့်အလမ်းများအဖြစ် ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ရာသီဥတုပြောင်းလဲမှု၊ မြို့ပြတည်ထောင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် သက်ကြီးရွယ်အိုများအတွက် မူဝါဒပိုင်းဆိုင်ရာ စီစဉ်ဆောင်ရွက်မှုများကဲ့သို့သော ကြီးမားသည့်ကဏ္ဍကြီးများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံ၏ လူဦးရေဆိုင်ရာအခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပါကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဖြစ်သူ Andrea Wojnar က ပြောကြားထားကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ လူဦးရေခန့်မှန်းသည့် အဖွဲ့၏ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် တင်သွင်းသည့် အစီရင်ခံစာအရ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၁.၃၈၈ ဘီလီယံအထိ ရှိလာမည်ဟု ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအပေါ်တွင် အခြေခံ၍ ခန့်မှန်းထားပါကြောင်း၊ အသက် ၁၅ နှစ်မှ ၂၄ နှစ်အကြား ငယ်ရွယ်သူလူဦးရေစာရင်းမှာ ၂၀၁၁ ခုနှစ်တွင် ၂၃၃ သန်းရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၂၅၁ သန်းထိ တိုးလာပြီး ၂၀၃၆ ခုနှစ်တွင် ၂၂၉ သန်းအထိ ပြန်လည်ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါကြောင်း၊ လူဦးရေစုစုပေါင်းတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အကြား ငယ်ရွယ်သူတို့၏ပါဝင်မှုအချိုးမှာ ၂၀၁၁ ခုနှစ်တွင် ၁၉.၃ ရာခိုင်နှုန်းရှိရာမှ ၂၀၃၆ ခုနှစ်တွင် ၁၅.၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

ဗြိတိန်နိုင်ငံရှိ Bath University ၏ ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးစင်တာ ဧည့်ပါမောက္ခဖြစ်သူ Mehrotra က တရုတ်နိုင်ငံ၏ လူဦးရေဆိုင်ရာ အခွင့်အလမ်းများက အိန္ဒိယနိုင်ငံထက် ပိုမိုသာလွန်ပါကြောင်း၊ သို့ရာတွင် လူဦးရေဆိုင်ရာ အားသာချက်များသည် တပြေးညီခန့်မှန်း၍ မရပါကြောင်း၊ မူဝါဒချမှတ်မှုဆိုင်ရာကိစ္စရပ်များတွင် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာကဏ္ဍများမှာ အမြဲလိုလိုလျစ်လျူရှုခံရလေ့ရှိသဖြင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာမူဝါဒချမှတ်မှုများတွင် အမှားများပါရှိသောကြောင့် လူဦးရေဆိုင်ရာအခွင့်အလမ်းများကို တစ်သမတ်တည်းစွမ်းဆောင်နိုင်ခြင်းမရှိကြပါကြောင်း၊ ယခုအခါ အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာသော်လည်း တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေသည့် အရည်အချင်းရှိသော လုပ်သားအင်အား သန်း ၉၀၀ ကျော်ရှိနေပါသေးကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေဆိုင်ရာ အခွင့်အလမ်းများကို အကဲဖြတ်ရာတွင် အရေအတွက်တစ်ခုတည်း ကြည့်၍မရဘဲ အရည်အချင်းကိုပါ ထည့်သွင်းစဉ်းစားရမည်ဟု ပြောကြားထားပါကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ကလည်း တရုတ်နိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံအနက် သန်း ၉၀၀ ခန့်မှာ အလုပ်လုပ်နိုင်သည့်အသက်အရွယ်များဖြစ်ပြီး ယေဘူယျအားဖြင့် ၁၀ နှစ်ကျော် ပညာသင်ကြားထားကြသူများ ဖြစ်ကြသည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များအား ရှင်းလင်းပြောကြားခဲ့ပါကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

Mehrotra ကလည်း အိန္ဒိယနိုင်ငံ၏လူငယ်များ လုပ်ငန်းခွင်သို့ပိုမိုဝင်ရောက်သည့်အချိန်တွင် အိန္ဒိယနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာ နှေးသွားမည်ဖြစ်ကြောင်း၊ ကဏ္ဍကြီး ၁၃ ခု ပါဝင်ပြီး ကုန်ထုတ်လုပ်မှုနှင့် ချိတ်ဆက်ထားသော မက်လုံးပေးဆွဲဆောင်သည့် အစီအစဉ်မျိုးမဟုတ်ဘဲ စက်မှုလုပ်ငန်းကဏ္ဍစုံပါဝင်သည့် မူဝါဒများကိုလည်း ရှင်းရှင်းလင်းလင်းချမှတ်ထားရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီကြီးများက အလုပ်အကိုင်အခွင့်အလမ်းများအတွက် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်သည့်အချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည်ဟု ပြောကြားထားကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

Source : India to surpass China as most populous nation in’ 23: UN, Business Standard, 20 April 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)