ရုရှားနှင့် ကနေဒါနိုင်ငံတို့မှ စားတော်ပဲ(Yellow Peas)တင်သွင်းမှုသည် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း အမြင့်မားဆုံးဖြစ်လာမှုနှင့်အတူ သရေစာလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ လမ်းဘေးအစားအစာနှင့် ပဲမျိုးစုံထုတ်လုပ်သည့်လုပ်ငန်းများတွင်အသုံးပြုသည့် ဈေးကြီးသောပဲအမျိုးအစားများနေရာ၌ အစားထိုးအသုံးပြုလာခြင်းအားဖြင့် ကုလားပဲနှင့် ပဲစင်းငုံများ၏ ပြည်တွင်းဈေးနှုန်းများတည်ငြိမ်စေရန်အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။
အိန္ဒိယအစိုးရသည် မီးဖိုချောင်သုံးအခြေခံပဲအမျိုးအစားနှစ်မျိုးဖြစ်သည့် မတ်ပဲနှင့်ပဲစဉ်းငုံများ၏ ဈေးနှုန်းအဆမတန်မြင့်တက်ခဲ့သည့် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် စားတော်ပဲကို အခွန်လွတ်တင်သွင်းခွင့်ပြုခဲ့ကြောင်း၊ယင်းကဲ့သို့တင်သွင်းခွင့်ပြုခဲ့ခြင်းသည် ဈေးကွက်အတွင်းပဲမျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုရရှိလာသဖြင့် ထင်ရှားသည့်အလှည့်အပြောင်း တစ်ခုဖြစ်စေခဲ့ကြောင်း၊ စားတော်ပဲကို ပဲမှုန့်၊ အလုံး၊ ခွဲခြမ်းစသည့်ပုံစံမျိုးစုံဖြင့် နေ့စဉ်စားသုံးကြကြောင်းနှင့် ယင်းကို လမ်းဘေးအစားအစာများတွင်သာမက လျင်မြန်စွာကြီးထွားလျက်ရှိသည့် သရေစာထုတ်ကုန်များတွင်လည်း အဓိကပါဝင်သည့်ပဲအမျိုးအစားတစ်မျိုးဖြစ်ကြောင်း ပဲကုန်သည်တစ်ဦးက ပြောကြားထားသည်။
ပြည်ပမှ တင်သွင်းလာသော စားတော်ပဲအမြောက်အမြားသည် မကြာမီရောက်ရှိလာတော့မည် ဖြစ်ကြောင်း၊ စားတော်ပဲဈေးနှုန်းသည် ၁ ကီလိုလျှင် ၄၂ ရူပီးနှင့် လက်ရှိဈေးကွက်ထဲတွင် ဈေးအသက်သာဆုံးပဲအမျိုးအစားဖြစ်ပါကြောင်း၊ လက်ရှိတွင် တန်ချိန် ၆ သိန်းခန့်တင်သွင်းထားပြီး လာမည့်ဇွန်လမတိုင်မီ တန်ချိန် ၉ သိန်းမှ ၁ သန်းခန့်တင်သွင်းနိုင်မည်ဟု ခန့်မှန်းထားကြောင်းနှင့် စားတော်ပဲသည် ဈေးကွက်အတွင်း ရှားပါးနေသော အခြားပဲအမျိုးအစားများ၏ ဝယ်လိုအားကိုလျှော့ချရန် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍သော် လည်းကောင်း ကူညီပေးခဲ့ကြောင်း Maharashtra ပြည်နယ်အခြေစိုက် ပဲမျိုးစုံတင်သွင်းသူ Vivek Agarwal က ပြောသည်။
ပဲစင်းငုံသည် တစ်ကီလိုလျှင် အနည်းဆုံး ရူပီး ၂၀၀ ဖြင့် လက်လီရောင်းချနေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်လိုအားလည်း ကျဆင်းသွားကြောင်း၊ စားတော်ပဲသည် ပဲစင်းငုံအတွက် တိုက်ရိုက်အစားထိုးကုန်စည်မဟုတ်သော်လည်း ပဲစင်းငုံဝယ်လိုအားကို သွယ်ဝိုက်သောနည်းဖြင့် လျော့ပါးစေရန် ကူညီပေးခဲ့ကြောင်း၊ ပဲခွဲစက်ရုံအများအပြားသည်လည်း ၎င်းတို့စက်ရုံများ ဆက်လက်လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အခြားသောပဲအမျိုးအစားများအစား စားတော်ပဲကို ပြောင်းလဲအသုံးပြုလာကြကြောင်း၊ အချို့သောပဲကုန်သည်များသည်လည်း တခြားသောပဲအမျိုးအစားများအစား စားတော်ပဲဘက်သို့ အာရုံစိုက်လာကြကြောင်း၊ ထိုသို့သောပြောင်းလဲလာမှု များသည် အခြားသောပဲအမျိုးအစားများအပေါ် သွယ်ဝိုက်၍ ဝယ်လိုအားကျဆင်းစေသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားထား သည်။
ပြီးခဲ့သည့် မုတ်သုံရာသီပြောင်းလဲခြင်းများကြောင့် မိုးရာသီကုလားပဲထွက်ရှိမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယအစိုးရက အနိမ့်ဆုံးသွင်းကုန်စျေးနှုန်း (MIP) ကန့်သတ်ချက်ကို ဖယ်ရှားခဲ့သည်။ ထို့အတူ လက်ရှိတွင် စားတော်ပဲတင်သွင်းမှုကို ဧပြီလ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့်ပြုထားပါသည်။ လာမည့်ရက်သတ္တပတ်များအတွင်း ကုလားပဲသီးနှံသစ်များ ဈေးကွက်အတွင်းဝင်ရောက်လာမည်ဖြစ်ရာ ဧပြီလ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသော စားတော်ပဲအား သက်တမ်းတိုးရန်အစိုးရ၏ဆုံးဖြတ်ချက်အပေါ် မည်ကဲ့သို့သက်ရောက်မှုရှိမည်ကို စောင့်ကြည့်ရဦးမည်ဟု ပဲလုပ်ငန်းကျွမ်းကျင်သူများက ပြောကြားထားသည်။
အိန္ဒိယအစိုးရသည် မတ်ပဲနှင့်ပဲစဉ်းငုံဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ပဲစဉ်းငုံအစား အခြားပဲအမျိုးအစားများကို အစားထိုးအသုံးပြုရန် စည်းရုံးလှုံဆော်ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် ဘရာဇီး၊ အာဂျင်တီးနားစသည့်နိုင်ငံတို့တွင်လည်း အိန္ဒိယဈေးကွက်အတွက် ပဲစဉ်းငုံစိုက်ပျိုးရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအခါတွင် စားတော်ပဲအား အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဖြင့် ဈေးကွက်အတွင်း ပဲဈေးနှုန်းများထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။
Source: Imported yellow peas help control bullish trend in chana and tur, which are short in supply, The Economic Times, 21 March 2024.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)