India (Delhi)

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မူဝါဒသစ်သည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်

Last Updated:

ပို့ကုန်ထုတ်လုပ်မှုအတွက် တင်သွင်းလာမည့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများကို အခွန်ကောက်ခံခြင်းမပြုသည့် ပို့ကုန်မြှင့်တင်ရေးရင်းနှီးမြှုပ်နှံမှုကုန်စည်အစီအစဉ် (The Export Promotion Capital Goods Scheme - EPCG) ကို အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမူဝါဒအသစ်တွင် ပြင်ဆင်ထည့်သွင်းဆောင်ရွက်ပြီးနောက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို ပိုမိုအားပေးမြှင့်တင်နိုင်ရန် မျှော်လင့်ထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

ဥပမာအားဖြင့် ဝန်ကြီးချုပ်၏ ရည်မှန်းချက်အပေါ်အခြေခံ၍ ကြီးမားစွာပေါင်းစပ်ထားသည့် အထည်အလိပ်ထွက်ရှိရာဒေသနှင့် အဝတ်အစားထုတ်လုပ်သည့်နေရာ(Prime Minister Mega Integrated Textile Region and Apparel Parks - PM MITRA) အစီအစဉ်ကို ပို့ကုန်မြှင့်တင်ရေးရင်းနှီးမြှုပ်နှံမှုကုန်စည်အစီအစဉ်အောက်တွင် ထည့်သွင်းလိုက်ခြင်းအားဖြင့် အခွင့်အလမ်းများ ထပ်တိုးခံစားခွင့်ရှိစေရန် ဆောင်ရွက်ခြင်းများကို တွေ့ရှိရပါကြောင်း၊ နို့ထွက်ပစ္စည်းများကိုလည်း ပို့ကုန်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များမှ ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် အားပေးမြှင့်တင်မှုများဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်ထရီနှင့် လျှပ်စစ်အသုံးပြုသည့် ယာဉ်မျိုးစုံ၊ ရေဆိုးများသန့်စင်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းလုပ်ငန်းများ၊ မိုးရေစုဆောင်းသည့်စနစ်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် နည်းပညာထုတ်ကုန်များကို EPCG အစီအစဉ်အောက်တွင် ပို့ကုန်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များမှ ဖြေလျော့ကင်းလွတ်ခွင့်ပြုထားပါကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကုန်သွယ်မှုဆိုင်ရာ နစ်နာဆုံးရှုံးမှုများကို လေ့လာဆန်းစစ်ရန်အတွက် ဝန်ကြီးဌာနများအကြား ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့မူဝါဒအရ အစိုးရဌာနများအားလုံးပါဝင်သော ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းကို အသုံးပြုခြင်းသည် ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

Faridabad၊ Mirzapur၊ Moradabad နှင့် Varanasi မြို့တို့ကို  ပို့ကုန်မြှင့်တင်နိုင်မှု အကောင်းဆုံးမြို့သစ် ၄ မြို့အဖြစ်  ယခင်သတ်မှတ်ထားပြီးဖြစ်သော ၃၉ မြို့အပြင် ထပ်တိုးသတ်မှတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ယက်ကန်းလုပ်ငန်း၊ လက်မှုပညာပစ္စည်းနှင့် ကော်ဇောများကို ပြည်ပသို့ ပိုမိုထိုးဖောက်တင်ပို့နိုင်မည်ဟု မျှော်လင့်ထားပါကြောင်း၊ အဆိုပါမြို့များအနေဖြင့် စျေးကွက်အခွင့်အလမ်းလက်ဦးရယူမှုအစီအစဉ် (Market Access Initiative) အစီအစဉ်အောက်တွင် ပို့ကုန်မြှင့်တင်ရေးရန်ပုံငွေကိုကို ဦးစားပေးရရှိနိုင်သည့် အခွင့်အလမ်းများလည်းရှိသည့်အပြင် EPCG အစီအစဉ်အောက်မှ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် အထွေထွေဝန်ဆောင်မှုဆောင်ရွက်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ရယူဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု တရားဝင်ကြေညာထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

အခွန်ဦးစီးဌာန၊ စာတိုက်လုပ်ငန်းဌာန၊ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှုဦးစီးဌာနများ ပါဝင်ဖွဲ့စည်းထားသည့် ဝန်ကြီးဌာနများအတွင်း ကော်မတီသည် ကုန်သွယ်မှုမူဝါဒအသစ်တွင် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည့် အီလက်ထရောနစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း(e-commerce)ဖြင့် ပို့ကုန်ဆောင်ရွက်မှုလွယ်ကူချောမွေ့စေရန် လမ်းပြမြေပုံကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကုန်သွယ်မှုမူဝါဒအသစ်အောက်တွင် ပို့ကုန်ဗဟိုဌာနကဲ့သို့သော အီလက်ထရောနစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်မှုစနစ်(e-commerce as export hub - ECEH)ကို ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့်သော်လည်းကောင်း၊ ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင်ရွက်မှုဖြင့်သော်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ECEH အနေဖြင့် အီလက်ထရောနစ်ဆက်သွယ်ရေးနည်းဖြင့် ဆောင်ရွက်သည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များတစ်စုတစ်စည်းတည်းရရှိခံစားနိုင်အောင် ချမှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ECEH သည် ပို့ကုန်လုပ်ငန်းအတွက် လိုအပ်သည့် အအေးခန်းသိုလှောင်ရုံများ အပါအဝင် ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ်ပိုးခြင်းများ၊ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်း၊ တရားဝင်လက်မှတ်များထောက်ခံထုတ်ပေးခြင်း၊ ကုန်ပစ္စည်းအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းနှင့် အခြားသော လိုအပ်သည့် အထွေထွေကိစ္စရပ်များကို လွယ်ကူချောမွေ့မှု ရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ECEH သည် ပို့ဆောင်ဆက်သွယ်ရေးအတွက် ထောက်ပံပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ၊ အနီးဆုံးထောက်ပံ့ပို့ဆောင်ရေးစင်တာများ၏ ဝန်ဆောင်မှုများရရှိရေးတို့ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမူဝါဒတွင် ပါရှိကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ကြီးမားသည့်အခွင့်အလမ်းများကို ရရှိနိုင်ရန်အတွက် အီလက်ထရောနစ်ဆက်သွယ်မှုနည်းဖြင့် ပို့ကုန်ဆောင်ရွက်ရာတွင် စနစ်တကျစီမံထားသည့် စံနမူနာသတ်မှတ်ချက်များ ချမှတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့်နည်းပညာအခြေပြုပို့ကုန်ပစ္စည်းများကို အထောက်အပံ့ပြုသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများဖွံ့ဖြိုးတိုးတက်လာခြင်းသည် မှန်ကန်သည့်လမ်းကြောင်းသို့ ဦးတည်နေသည့် ကောင်းမွန်သည့်လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမူဝါဒအသစ်တွင် အီလက်ထရောနစ်ဆက်သွယ်မှုစနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုကို ထည့်သွင်းဖော်ပြထားခြင်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းနှင့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးအား အမေရိကန်ဒေါ်လာ ၅ ထရီလီယံအထိ ရောက်ရှိရန် ရည်မှန်းချက်များအပေါ် အထောက်အကူဖြစ်စေနိုင်သည်ဟု အငြိမ်းစားအရာရှိဟောင်း တစ်ဦးဖြစ်သူ Aruna Sharma က ပြောကြားထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

Source: New foreign trade policy set to boost domestic manufacturing, Business Standard, 1 April 2023

             Foreign Trade Policy 2023 Announced, https://pib.gov.in/pressrelease , 31 March 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)