India (Delhi)

သံတမန်ရေးရာတင်းမာမှုများကြောင့် အိန္ဒိယကုန်သည်များသည် ကနေဒါမှ ပဲစင်းငုံတင်သွင်းမှုကို ရပ်နားထား

Last Updated:

အိန္ဒိယနှင့် ကနေဒါနိုင်ငံအကြား သံတမန်ရေးရာတင်းမာမှုများ ပြင်းထန်လာသည်နှင့်အမျှ အိန္ဒိယမှ ပဲတင်သွင်းသူများအနေဖြင့် အခွန်နှုန်းများအပြန်အလှန်တိုးမြှင့်ကောက်ခံမည်ကို သတိထားနေရသဖြင့် ကနေဒါနိုင်ငံမှ ပဲနီလေးတင်သွင်းခြင်းအတွက် စာချုပ်အသစ်များချုပ်ဆိုနိုင်ခြင်း မရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောကြားထားသည်ဟု The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကနေဒါသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယသို့ ပဲနီလေးအများဆုံးတင်သွင်းခဲ့ပြီး ပဲနီလေးတင်သွင်းမှုစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည့် မက်ထရစ်တန်စုစုပေါင်း ၅ သိန်းခန့်ကို တင်သွင်းထားပါကြောင်း၊ ယခုအခါသံတမန်ရေးတင်းမာမှုကြောင့် ပဲနီလေးတင်သွင်းခွင့်စာချုပ်အသစ်များချုပ်ဆိုထားခြင်းမရှိကြောင်း၊ သို့ရာတွင် ပဋိပက္ခမစတင်မီက ချုပ်ဆိုခဲ့သော စာချုပ်များကိုမူ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု အမည်မဖော်လိုသည့် ပို့ကုန်/သွင်းကုန်လုပ်ငန်းကြီးတစ်ခု၏ အကြီးတန်းအမှုဆောင်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ပဲနီလေးရောင်းလိုအားကျဆင်းလာခြင်းသည် ၎င်း၏ပြည်တွင်းစျေးနှုန်းကို မြင့်တက်စေသကဲ့သို့ ပြီးခဲ့သည့်လ၌ ပဲမျိုးစုံဈေးနှုန်းမှာ ၁၃ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကို ကြုံတွေ့ခဲ့ရကြောင်းနှင့် နှံစားသီးနှံများနောက်တွင် ဈေးတက်မှုရာခိုင်နှုန်းအများဆုံးစားသောက်ကုန်စည်အမျိုးအစားများဖြစ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လက ကနေဒါနိုင်ငံ၌ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုတွင် အိန္ဒိယအေးဂျင့်များ ပါဝင်သည်ဟု ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြီးခဲ့သည့်လတွင် စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ယင်းစွပ်စွဲချက်သည် အဓိပ္ပါယ်မရှိဟု ပြောကြားထားကြောင်း၊ အိန္ဒိယက ကနေဒါနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကိုလျှော့ချရန် တောင်းဆိုခဲ့ပြီးနောက် အိန္ဒိယနိုင်ငံရှိ ကနေဒါသံတမန် ၄၁ ဦးကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ကနေဒါနိုင်ငံကလည်း ယင်းကိစ္စနှင့်စပ်လျဉ်းပြီး အိန္ဒိယသံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်အထိ မည်သည့်နိုင်ငံကမှ ကုန်သွယ်မှုကိုတားဆီးရန် အခွန်စည်းကြပ်မှုများချမှတ် ဆောင်ရွက်ခြင်းမရှိသေးသော်လည်း အိန္ဒိယသည် ပဲနီလေးကို အခြားသောနိုင်ငံများမှ ပြောင်းလဲတင်သွင်းနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်းနှင့် သြစတြေးလျနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ပဲနီလေးတင်ပို့သည့်အများဆုံးနိုင်ငံဖြစ်လာပါကြောင်း၊ ထို့အပြင် မကြာသေးမီက အမေရိကန်မှတင်သွင်းသည့် ပဲနီလေးများကို အကောက်ခွန်ကင်းလွတ်ခွင့်အပြည့်အဝပေးခဲ့ကြောင်းနှင့် ရုရှား၊ စင်္ကာပူ၊ တူရကီနှင့် UAE နိုင်ငံတို့ထံမှလည်း ပဲနီလေးကို တင်သွင်းလျက်ရှိကြောင်းနှင့် အိန္ဒိယသည် နှစ်စဉ် ပဲနီလေးတန်ချိန်  ၂.၃ သန်းခန့်လိုအပ်ချက်ရှိပြီး ပြည်တွင်းထုတ်လုပ်နိုင်မှုမှာ ၁.၆ သန်းခန့်သာရှိကြောင်း သိရသည်။

အိန္ဒိယသည် ယခင်နှစ်က ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့်ပဲစဉ်းငုံများဈေးနှုန်းကြီးမြင့်သည့်အချိန်၌ စားသောက်ဆိုင်များတွင် မတ်ပဲနှင့်ပဲစဉ်းငုံများအစား ပဲနီလေးနှင့် အခြားသောပဲများကို အစားထိုးသုံးစွဲရန်စည်းရုံးလှုံ့ဆော်ဆောင်ရွက်သကဲ့သို့ ယခုနှစ်ရာသီချိန်တွင်လည်း ပဲနီလေးလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက မြန်မာနိုင်ငံအတွက် ဈေးကွက်အခွင့်အလမ်းများရရှိလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Source: Traders cut lentil imports from Canada amid diplomatic row, The Economic Times, October 25 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)