Japan

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်  ၂.၆၉ သန်း လာရောက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၈ လ ဆက်တိုက်အဖြစ် ၂ သန်းကျော်ရှိခဲ့ကြောင်း ၂၁-၂-၂၀၂၄ ရက်နေ့တွင် ဂျပန်အမျိုးသားခရီးသွားအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါသတင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်လာရောက်မှုမှာ ၂.၆၉ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂.၇၃ သန်းရှိခဲ့သည့်အတွက် အနည်းငယ်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိတွင် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်လာရောက်မှုမှာ ၂၅ သန်းကျော်ရှိခဲ့ပြီး၊ ဒီဇင်ဘာလတွင် အများဆုံးလာရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုကို ၂ နှစ်ကျော်ရပ်နားခဲ့ရကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ယန်းငွေတန်ဖိုးအလွန်အမင်းကျဆင်းခဲ့ခြင်းသည် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုကို တွန်းအားဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသို့ ပြည်ပမှ ခရီးသွားဧည့်သည်လာရောက်မှုမှာ ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလွန်အရေးပါလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည်များ၏ သုံးစွဲမှုပမာဏမှာ ယန်း ၅ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၃.၃၂ ဘီလီယံ)ကျော်ရှိခဲ့ကြောင်းနှင့် အစိုးရ၏ မျှော်မှန်းသုံးစွဲမှုပမာဏထက် ပထမဆုံးအကြိမ်ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနောက်ဘက်ရှိ အီရှီကာဝါပြည်နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုအပေါ် သက်ရောက်စေခဲ့ကြောင်း ဖော်ပြထားပါသည်။  ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်အများဆုံး လာရောက်ကြသည့်နိုင်ငံ/ဒေသများမှာ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် ဩစတြေးလျတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်လာရောက်မှုမှာ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလနှင့်နှိုင်းယှဉ်ပါက များစွာနည်းပါးနေသေးကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ၄၁၅,၉၀၀ ဦးလာရောက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ အာဆီယံ ၅ နိုင်ငံအပါအဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံပါင်း ၇၀ နိုင်ငံမှ  ခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်စုစုပေါင်း ၂၅.၀၆၆ သန်းလာရောက်ခဲ့ပြီး တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် အမေရိကန်တို့မှ အများဆုံးလာရောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်အစိုးရအနေဖြင့် ပြည်ပခရီးသွားဧည့်သည်များ၏သုံးစွဲမှုပမာဏကို ယန်း ၅ ထရီလီယံရှိစေရန်နှင့် ပြည်တွင်းခရီးသွားဧည့်သည်များ၏သုံးစွဲမှုကို ယန်း ၂၂ ထရီလီယံရှိစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

Source: The Nikkei Asia (၂၁-၂-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan