Japan

ဂျပန်နိုင်ငံတွင် ဉာဏ်ရည်တု(AI)နည်းပညာဖွံ့ဖြိုးလာစေရေးအတွက် ကမ္ဘာ့အမြန်ဆုံးကွန်ပျူတာများထဲတွင် တစ်ခုဖြစ်လာမည့် Supercomputer တည်ဆောက်သွားမည်

Last Updated:

ဂျပန်နိုင်ငံတွင် Generative AI ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် နောက်ဆုံးပေါ် Supercomputer ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအမျိုးသားအဆင့်မြင့်စက်မှုသိပ္ပံနှင့် နည်းပညာဌာနမှ လက်ရှိစွမ်းဆောင်ရည်၏ ၂.၅ဆမြင့်မားသည့် Supercomputer ကို ၂၀၂၄ ခုနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ ကုမ္ပဏီများမှ Generative AI ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ Supercomputer မှတစ်ဆင့် Cloud Service များ ပေးအပ်သွားနိုင်ရန် သုတေသနပြုလုပ်ငန်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံးသုတေသနအဖွဲ့အစည်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဂျပန်နိုင်ငံ အမျိုးသားဆင့်မြင့်စက်မှုသိပ္ပံနှင့်နည်းပညာဌာနသည် Supercomputer နှင့် Quantum နည်းပညာဆိုင်ရာ သုတေသနစင်တာကို ဇူလိုင်လတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ပစ္စည်းကိရိယာများ ဝယ်ယူတပ်ဆင်နိုင်ရေး ယန်း ၃၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၂၆ သန်း) ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအမျိုးသားအဆင့်မြင့်စက်မှုသိပ္ပံနှင့်နည်းပညာဌာနအနေဖြင့် အဆိုပါသုတေသနစင်တာတွင် Quantum နည်းပညာရပ်များကို လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ ကုမ္ပဏီများမှ လေ့လာနိုင်ရေးလည်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လက်ရှိ Supercomputer အား Cloud Service မှတစ်ဆင့် ပြင်ပမှ အသုံးပြုခွင့်ပြုထားလျက်ရှိပြီး၊ AI ဖွံ့ဖြိုးစေရေး ထပ်မံတည်ဆောက်သွားမည့် Supercomputer သည် လက်ရှိအသုံးပြုနေသည့်  Riken ရှိ  Fugaku ထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားကာ ဂျပန်နိုင်ငံတွင် စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လက်ရှိတွင် Fugaku အား Hitachi နှင့် Mitsubishi စသည့်  လုပ်ငန်းကြီးများအပါအဝင် AI ဖွံ့ဖြိုးစေရေးဆောင်ရွက်လျက်ရှိသည့် သုတေသနပညာရှင်များနှင့် ကုမ္ပဏီ ၃၀၀၀ က အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သို့သော် လက်ရှိ Supercomputer သည် Generative AI ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သည့်အချက်အလက်အများအပြားကို သိုလှောင်သိမ်းဆည်းဆောင်ရွက်နိုင်မှု မရှိသည့်အတွက် Supercomputer အသစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာများ၊ ထုတ်ကုန်ဒီဇိုင်းများနှင့်အခြားသော လုပ်ငန်းများတွင် Generative AI ကို ကုမ္ပဏီများမှ သုံးစွဲဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ Chat GPT တီထွင်သည့် အမေရိကန်မှ OpenAI သည် Generative AI နည်းပညာတွင် ဦးဆောင်လျက်ရှိပြီး ပြည်တွင်းဂျပန်ကုမ္ပဏီများအနေဖြင့်လည်း အဆိုပါနည်းပညာအသုံးပြုမှုတွင် ဦးဆောင်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် Supercomputer အသစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ Supercomputer အသစ်တည်ဆောက်နိုင်ခြင်းဖြင့် ဂျပန်နိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်အချက်အလက်အများအပြားအား ထိန်းသိမ်းနိုင်ခြင်းနှင့် ပြည်ပနိုင်ငံများအပေါ် မှီခိုမှုလျှော့ချနိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏စီးပွားရေးလုံခြုံရေးအတွက် အရေးပါလျက်ရှိကြောင်း၊ Sakura Internet ကဲ့သို့သော ဂျပန်နိုင်ငံ၏ ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့်လည်း Supercomputer အသစ်များ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နည်းပညာဆိုင်ရာစွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ကမ္ဘာ့နိုင်ငံများအကြား အပြိုင်အဆိုင်စီးပွားရေးအင်အားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးလုံခြုံမှုရှိစေရေးအတွက် ကဏ္ဍပေါင်းစုံမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့အကြီးဆုံး Technology Intensive Economy ဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့်လည်း လက်ရှိကမ္ဘာ့အဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ Supercomputer အသစ်တည်ဆောက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia (၂၄-၇-၂၀၂၃ )

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan