Singapore

ပင်လယ်ကူးသင်္ဘောအတွက် မီသနောလောင်စာဆီဖြည့်ခြင်း ပထမဆုံးဆောင်ရွက်နိုင်ခဲ့သည့် စင်ကာပူနိုင်ငံ

Last Updated:

စင်ကာပူနိုင်ငံသည် ပင်လယ်ကူးသင်္ဘောအတွက် မီသနောလောင်စာဆီဖြည့်ခြင်းကို ပထမဦးဆုံးဆောင်ရွက်မှုအဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ပင်လယ်ကူးသင်္ဘောလောင်စာဆီဖြည့်ခြင်းကို ဆိပ်ကမ်းတွင် သို့မဟုတ် သင်္ဘောအချင်းချင်းဆောင်ရွက်နိုင်ပါသည်။ စင်ကာပူလောင်စာဆီတင်သင်္ဘောလုပ်ငန်းဖြစ်သည့် Hong Lam Marine ၏ရေယာဉ် MT Agility က သင်္ဘောကုမ္ပဏီတစ်ခုဖြစ်သည့် AP Moller Maersk ပိုင် လောင်စာဆီကွန်တိန်နာသင်္ဘောအတွက် ဇီဝမီသနော တန် ၃၀၀ နီးပါးကို ဖြည့်ပေးနိုင်ခဲ့ပါသည်။

အနာဂတ်တွင် လောင်စာဆီမျိုးစုံဖြည့်နိုင်သည့် ချဉ်းကပ်မှုပုံစံကို အကောင်အထည်ဖော်ရာတွင် ပင်လယ်ကူးသင်္ဘောအတွက် လောင်စာဆီဖြည့်ခြင်းလုပ်ငန်းသည် စင်ကာပူနိုင်ငံအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ မီသနောလောင်စာဆီသုံးသင်္ဘောများဖြင့် ကမ္ဘာအနှံ့သယ်ယူပို့ဆောင်ကြသည်ဖြစ်ရာ လာမည့်နှစ်များတွင် မီသနောလောင်စာဆီဖြည့်ခြင်းများကို ပိုမိုဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း စင်ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းလောင်စာဆီဖြည့်သည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပင်လယ်ကူးသင်္ဘောများအတွက် လောင်စာဆီရောင်းချမှုမှာ တန်ပေါင်း ၄၇.၉ သန်းရှိပြီး ကမ္ဘာ့စုစုပေါင်း၏ ငါးပုံတစ်ပုံဖြစ်ပါသည်။ မီသနောကဲ့သို့ ကာဗွန်နည်းလောင်စာဆီအစားထိုးအသုံးပြုခြင်းသည် သင်္ဘောလုပ်ငန်းတွင် ကာဗွန်လျှော့ချခြင်းအတွက် မဟာဗျူဟာတစ်ခုဖြစ်ပါသည်။ စင်ကာပူဓာတုဗေဒလုပ်ငန်း ကောင်စီ(Singapore Chemical Industry Council)ရှိ စံနှုန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Standards Development Organization)နှင့် စင်ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့က မီသနောလောင်စာဆီဖြည့်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းပိုင်းဆိုင်ရာနှင့် လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာကိုးကားချက်များကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ စင်ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့အနေဖြင့် လိုင်စင်ထုတ်ပေးခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာလိုအပ်ချက်များအပါအဝင် စီးပွားရေးအရ မီသနောလုပ်ငန်းများအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မီသနောသည် သင်္ဘောလုပ်ငန်းအတွက် အလုံးစုံကာဗွန်လျှော့ချရာတွင် အရေးကြီးသည့်အပြောင်းအလဲဖြစ်ကြောင်း၊ သို့ရာတွင် သဘာဝဓာတ်ငွေ့အသုံးပြု၍ ထုတ်လုပ်ထားသည့် “Grey Methanol” သည် ရုပ်ကြွင်းလောင်စာများထက် ထုတ်လွှတ်မှုပိုများသည့်အတွက် အသုံးမပြုသင့်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ၂၀၃၀ ပြည့်နှစ်အလွန်တွင် မီသနောကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် လောင်စာဆီထောက်ပံ့ပေးသွင်းသူ အနည်းငယ်သာရှိပြီး လောင်စာဆီဖြန့်ဖြူးခြင်းအတွက် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရန် ထောက်ပံ့မှုများစွာလိုအပ်နေကြောင်း Shipping and Logistics Operator DP World ၏ Energy Programmes Director ဖြစ်သူ Piotr Konopka က ပြောကြားခဲ့ပါသည်။

Maersk McKinney Moller Center for Zero Carbon Shipping က ၂၀၅၀ ပြည့်နှစ်တွင် အစိမ်းရောင်မီသနော(Green Methanol)မှာ ပင်လယ်ရေကြောင်းလောင်စာဆီအားလုံး၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့် ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ပင်လယ်ရေကြောင်းလောင်စာဆီအတွက် အစားထိုးအခြားလောင်စာဆီများမှာ ဟိုက်ဒရိုဂျင်၊ အမိုးနီးယား၊ သဘာဝဓာတ်ငွေ့တို့ဖြစ်ပါသည်။ စင်ကာပူဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပင်လယ်ရေကြောင်းလောင်စာဆီတွင် အစားထိုးအခြားလောင်စာအဖြစ် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို ၂၀၂၁ ခုနှစ်၊ မေလတွင် ပြုလုပ်ခဲ့ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနဖြစ်စေရေး၊ ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနဖြစ်စေရေး အဖက်ဖက်မှဆောင်ရွက်လျက်ရှိရာတွင် အနာဂတ်ကိုမျှော်မှန်း၍ ပင်လယ်ကူးသင်္ဘောကို မီသနောလောင်စာဆီ ဖြည့်ခြင်းအတွက် လိုအပ်သည့်လုပ်ထုံးလုပ်နည်းများ၊ စံသတ်မှတ်ချက်များချမှတ်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးကဏ္ဍအတွက် ၎င်း၏ယှဉ်ပြိုင်နိုင်မှုကို ထိပ်တန်းအဆင့်ဖြစ်နေစေရေး ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        The Business Times  

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore