Japan

ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အနည်းဆုံးပျမ်းမျှလုပ်ခလစာအား တစ်နာရီလျှင် ယန်း ၁၀၀၀ ကျော် သတ်မှတ်သွားမည်

Last Updated:

၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဂျပန်နိုင်ငံ၏ အနည်းဆုံးပျမ်းမျှလုပ်ခလစာအား တစ်နာရီလျှင် ယန်း ၁၀၀၂ (အမေရိကန်ဒေါ်လာ ၇.၁၁) အဖြစ် သတ်မှတ်သွားရန် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အနည်းဆုံးပျမ်းမျှလုပ်ခလစာကို လက်ရှိသတ်မှတ်နှုန်းထားဖြစ်သည့် ၉၆၁ ယန်းမှ ၄၁ ယန်းထပ်မံတိုးမြှင့်သွားမည်ဖြစ်ပြီး ထိုသို့တိုးမြှင့်ခြင်းဖြင့် တစ်နိုင်ငံလုံးပျမ်းမျှ အနည်းဆုံးလုပ်ခလစာမှာ  ပထမဆုံးအကြိမ်အဖြစ် ယန်း ၁၀၀၀ အထက်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးခြင်းဖြင့် ဝယ်ယူသုံးစွဲနိုင်မှုပိုမိုမြင့်မားလာကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ရန် အစိုးရအနေဖြင့် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုသို့အနည်းဆုံးလုပ်ခလစာတိုးမြှင့်မှုမှာ ၁၉၉၁ ဘဏ္ဍာနှစ်မှစ၍ အမြင့်ဆုံးနှုန်းထားဖြစ်ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၄.၃ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးခြင်းကြောင့် လုပ်သားရှားပါးမှုများကြုံတွေ့နေရသောကဏ္ဍများ အထူးသဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် လစာနှုန်းထားမြင့်တက်လာရန် မျှော်မှန်းထားကြောင်း၊ သို့သော် အဆိုပါကဏ္ဍတွင် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအတွက် လစာနှုန်းထားတိုးမြှင့်ပေးရခြင်းကြောင့် လုပ်ငန်းမှအကျိုးအမြတ်ရရှိနိုင်ရေး စိန်ခေါ်မှုများ ပိုမိုများပြားစေမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ပြည်နယ်များတွင် ဒေသအလိုက်အနည်းဆုံးလုပ်ခလစာများ သတ်မှတ်ကြသည့်အတွက် ယခုနှစ် အောက်တိုဘာလမှစ၍ လုပ်ခလစာနှုန်းထား ပြောင်းလဲသတ်မှတ်မှုများ စတင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအနေဖြင့် အနည်းဆုံးလုပ်ခလစာများပြောင်းလဲသတ်မှတ်ခြင်းကို ကြိုဆိုပါကြောင်း၊ အဆိုပါမူဝါဒကြောင့် လုပ်ခလစာများတိုးမြှင့်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လာကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အနည်းဆုံးလုပ်ခလစာနှုန်းထား ပြောင်းလဲသတ်မှတ်ခြင်းကြောင့် ဂျပန်နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိကြသည့် လုပ်သားများ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် လူဉီးရေ ၂၅ သန်းကျော်မှာ တစ်နာရီလျှင် ၁၀၀၀ ယန်းနှင့်အထက် ဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ ၃ ရာခိုင်နှုန်းနှင့်အထက် ရောက်ရှိခဲ့ကာ ၂၀၂၃ ခုနှစ် ဇွန်လတွင် ၃.၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လစာနှုန်းထားမှာ ၁၄ လမြောက် ဆက်တိုက်အဖြစ်  ၂၀၂၃ ခုနှစ် မေလတွင် ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံတွင် စားသောက်ကုန်မှသည် စက်သုံးဆီအထိ အစစအရာရာ ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးစေရန် ရည်ရွယ်၍ စီးပွားရေးအသိုက်အဝန်းအနေဖြင့် လုပ်ခလစာများတိုးမြှင့်ပေးရန် ဝန်ကြီးချုပ်ခီရှိဒက တောင်းဆိုခဲ့ပြီးနောက် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ခလစာများတိုးမြှင့်ပေးလျက်ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့်သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများမြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၂၉-၇-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: Japan