India (Delhi)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ကြီးများအဆင့်အစည်းအဝေး၌ ဥရောပသမဂ္ဂအဖွဲ့၏ ကာဗွန် အခွန်ကောက်ခံမှုနှင့် သစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်းများအပေါ် စိုးရိမ်ပူပန်ကြောင်း အိန္ဒိယနိုင်ငံမှ အဆိုတင်သွင်းသွားမည်

Last Updated:

ဥရောပသမဂ္ဂ(EU)၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာစည်းမျဉ်းများနှင့်ကာဗွန်အခွန်ကဲ့သို့သော ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များသည် အိန္ဒိယနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများအတွက် စိုးရိမ်ပူပန်မှုကိုဖြစ်စေသဖြင့် လာမည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲတွင် အဆိုပြုတင်ပြသွားမည်ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးက ပြောကြားထားကြောင်း၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ ၁၃ ကြိမ်မြောက်ဝန်ကြီးများအဆင့်အစည်းအဝေးကို ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်၍ ၄ ရက်ကြာကျင်းပရန် စီစဉ်‌ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ဝန်ကြီးများအဆင့်အစည်းအဝေးသည် ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရာတွင် အမြင့်ဆုံးအဖွဲ့ဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ယခုနှစ် ပထမခုနစ်လတွင် ဥရောပသမဂ္ဂသည် ရာသီဥတုပြောင်းလဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းလေးခုကို စတင်ကျင့်သုံးဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစည်းမျဉ်း ၄ ခုမှာ နယ်စပ်ဖြတ်ကျော်ကာဗွန်ထိန်းညှိရေးအစီအမံ(Carbon Border Adjustment Mechanism-CBAM)၊  သစ်တောပြုန်းတီးမှုဆိုင်ရာလုပ်ထုံးလုပ်နည်း၊ အီးယူ၏ ကုန်သွယ်မှုဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပေါ် ကောက်ခံသည့်အခွန်စနစ် (Emission Trade System)နှင့် နိုင်ငံခြားထောက်ပံကြေးစည်းမျဉ်း(Foreign Subsidies regulation)တို့ဖြစ်ပြီး EU အဖွဲ့ဝင် ဂျာမနီနိုင်ငံကလည်း  ထောက်ပံ့ရေးကွင်းဆက်အပေါ် အလေးထားစိစစ်သည့်အက်ဥပဒေ (Supply Chain Due Diligence Act-SCDDA)ကို ကြေညာထားကြောင်း သိရှိရပါသည်။

အဆိုပါကိစ္စရပ်များသည် ၁၃ ကြိမ်မြောက်ဝန်ကြီးများအဆင့်အစည်းအဝေးတွင် အဓိကပြဿနာဖြစ်လာနိုင်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတော်တော်များများကလည်း ယင်းစည်းမျဉ်းအချို့အား ဆန့်ကျင်သည့်စာတမ်းများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တင်သွင်းထားပြီးဖြစ်သဖြင့် ယင်းစည်းမျဉ်းများအပေါ် ဆွေးနွေးမှုများရှိလာနိုင်ဖွယ်ရှိသည်ဟု အမည်မဖော်လိုသူအစိုးရအရာရှိတစ်ဦးက ပြောကြားထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သည် အဖွဲ့ဝင်နိုင်ငံ ၁၆၄ နိုင်ငံပါရှိသည့် ဂျီနီဗာအခြေစိုက်နိုင်ငံစုံအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပို့ကုန်များနှင့် သွင်းကုန်များဆိုင်ရာ စံချိန်စံညွှန်းများနှင့် အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေးအငြင်းပွားမှုကို စီရင်ဆုံးဖြတ်ပေးသည့်အဖွဲ့အစည်းဖြစ်ပါ သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသုတေသနလုပ်ငန်းအဖွဲ့(Global Trade Research Initiative-GTRI)၏လေ့လာချက်များအရ အီးယူသည် အထက်တွင်တင်ပြခဲ့သည့် ပြဋ္ဌာန်းချက်များ စတင်အသက်ဝင်ဆောင်ရွက်သည့်အချိန်တွင် အခွန်အခများကို နှစ်စဉ်ဘီလီယံနှင့်ချီ၍ ကောက်ခံရရှိမည်ဖြစ်ပါကြောင်းနှင့် ၎င်းတို့၏ကုမ္ပဏီများနှင့် လယ်သမားများကို ထောက်ပံ့ကြေးပေးရန်အတွက် အဆိုပါရန်ပုံငွေများ လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော်ကာဗွန်ထိန်းညှိရေးအစီအမံ(CBAM)သည် အိန္ဒိယ၏ အဓိကသတ္တုပို့ကုန်ပစ္စည်းများဖြစ်သည့် သံ၊ သံမဏိနှင့် အလူမီနီယံထုတ်ကုန်များ အီးယူသို့ တင်ပို့မှုအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းအစီအမံသည် ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပါကြောင်း၊ CBAM သည် EU သို့တင်သွင်းလာသည့် အချို့သောကုန်စည်များအပေါ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အခွန် ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းထိ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

EU သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ သံမဏိ၊ အလူမီနီယံ၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဟိုက်ဒရိုဂျင်နှင့် လျှပ်စစ်ပစ္စည်းတင်သွင်းမှုများအတွက် ကာဗွန်ခွန်ကို စတင်ကောက်ခံမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ၏ သံ၊ သံမဏိနှင့် အလူမီနီယံထုတ်ကုန်များ စုစုပေါင်းတင်ပို့မှု၏ ၂၇ ရာခိုင်နှုန်းသည် အီးယူသို့ တင်ပို့ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံရှိကြောင်း သိရှိရပါသည်။

ထို့အပြင် အိန္ဒိယ၏ ကော်ဖီ၊ သားရေနှင့် စက္ကူဘုတ်ပြားများကဲ့သို့သော ကုန်ပစ္စည်းများကို EU သို့ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံတန်ဖိုး တင်ပို့လျက်ရှိရာ အီးယူ၏ သစ်တောပြုန်းတီးမှုကင်းစင်ရေးထုတ်ကုန်လုပ်ထုံးလုပ်နည်း(European Union Deforestation-Free Products Regulation-EU-DR)ကြောင့်လည်း ထိခိုက်မှုများရှိလာမည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းတွင် ကျွဲ၊ နွားများ၊ တိရိစ္ဆာန်အသားများ၊ ကိတ်ခြောက်၊ ပဲပိစပ်၊ စားအုန်းဆီ၊ ကိုကိုးမှုန့်၊ ချောကလက်၊ ကော်ဖီ၊ သားရေ၊ စက္ကူ၊ စက္ကူပြား၊ သစ်သား၊ သစ်သားဖြင့် ပြုလုပ်ထားသည့်ပစ္စည်းများ၊ သစ်သား ပျော့ဖတ်၊ ပျဉ်ပြားနှင့် သစ်သားပရိဘောဂများ ပါဝင်ပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါပစ္စည်းများတင်ပို့မည်ဆိုပါက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်းတွင် သစ်တောပြုန်းတီးခြင်းမဖြစ်စေဘဲ စိုက်ပျိုးမြေတွင်စိုက်ပျိုးထားကြောင်း အထောက်အထားများပြသနိုင်မှသာ ယင်းအခွန်ကင်းလွတ်ခွင့်ကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စည်းမျဉ်းအသစ်များသည် ပြဌာန်းပြီးနောက် ၁၈ လအကြာတွင် ကုမ္ပဏီကြီးများအား လည်းကောင်း၊ ၂၄ လအကြာတွင် ကုမ္ပဏီငယ်များအပေါ်လည်းကောင်း အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စတင်အကျိုးသက်ရောက်မှုရှိစေမည့်အချိန်ဇယားသည် ကုမ္ပဏီကြီးများအတွက် ၂၀၂၄ ခုနှစ်၊  ဒီဇင်ဘာလဖြစ်ပြီး ကုမ္ပဏီငယ်များအတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လဖြစ်ကြောင်း သိရှိရပါသည်။

EU ပါလီမန်သည် ကုန်သွယ်မှုဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပေါ် ကောက်ခံသည့်အခွန်စနစ်(Emission Trade System)ကို ယခုနှစ် ဧပြီလ 18 ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ယင်းစနစ်တွင် ကုန်စည်ပို့ဆောင်မှုကို ထည့်သွင်းထားသောကြောင့် EU ၏ပို့ကုန်/သွင်းကုန် ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများအပေါ် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ကာဗွန်အခွန်စည်းကြပ်ခြင်းကဲ့သို့ အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အလားတူ ယခုနှစ် ဇန်န၀ါရီ ၁၂ ရက်က စတင်အသက်ဝင်ခဲ့သော နိုင်ငံခြားထောက်ပံ့ကြေး စည်းမျဉ်းအရ EU သည် ဒေသတွင်းကုန်ထုတ်လုပ်မှုယှဉ်ပြိုင်နိုင်စွမ်းအား ကမောက်ကမဖြစ်စေသည့် နိုင်ငံခြားထောက်ပံ့ကြေးများကို စုံစမ်းစစ်ဆေးဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထောက်ပံ့ရေးကွင်းဆက်များတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုကို တားမြစ်ရန်နှင့် လူ့အခွင့်အရေးကိုကာကွယ်ရန် ပြဌာန်းထားသော ဂျာမန်ဥပဒေနှင့်စပ်လျဉ်း၍  အိန္ဒိယအနေဖြင့် အဆိုပါကိစ္စရပ်များကိုကိုင်တွယ်ရန် ကျယ်ကျယ်ပြန့်ပြန့်စည်းမျဉ်းများရှိနေပြီဖြစ်သောကြောင့် ဥရောပနိုင်ငံနှင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုအနည်းငယ်သာရှိလိမ့်မည်ဖြစ်ကြောင်း  GTRI ၏အစီရင်ခံစာအရ သိရသည်။

ဂျာမနီသည်နိုင်ငံသည် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများနှင့် တိုးချဲ့ဆောင်ရွက်နေသော ၎င်း၏ထောက်ပံ့ရေးကွင်းဆက်များတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အခြားအလုပ်သမားဥပဒေချိုးဖောက်မှုများကို တားမြစ်ထားပါကြောင်းနှင့် ယင်း SCDDA သည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အသက်ဝင်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဥပဒေသည် ဂျာမနီနိုင်ငံနှင့်စီးပွားရေးလုပ်နေသော  ဝန်ထမ်း ၃,၀၀၀ ကျော်ရှိသည့် နိုင်ငံခြားကုမ္ပဏီများသာမက ဂျာမဏီပြည်တွင်းကုမ္ပဏီများအပေါ်တွင်လည်း ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယသည် အဆိုပါကိစ္စရပ်များအတွက် ဥရောပသမဂ္ဂနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။

အီးယူသို့ အိန္ဒိယ၏ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၄.၉ ဘီလီယံရှိပြီး ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံထက် ပိုမိုတိုးတက်ခဲ့ပါကြောင်း၊ အီးယူသည် အိန္ဒိယ၏စုစုပေါင်းကုန်ပစ္စည်းတင်ပို့မှု၏ ၁၆ ရာခိုင်နှုန်းကျော်ရှိပါကြောင်း၊ EU မှ ကုန်ပစ္စည်းတင်သွင်းမှုမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံထိ တိုးတက်ခဲ့ပြီး  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၁.၄ ဘီလီယံသာ ရှိခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ၏ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာမူဝါဒအပြောင်းအလဲများအပေါ် မူဝါဒဆိုင်ရာလေ့လာရေးအဖွဲ့များ၊ လွတ်လပ်သည့် သုတေသနအဖွဲ့အစည်းများဖြင့် စနစ်တကျလေ့လာဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ကုန်သွယ်မှုကို ထိခိုက်နိုင်ကြောင်းတွေ့ရှိရပါက ပြန်လည်တုန့်ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ကြသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုမူဝါဒလေ့လာရေးဆိုင်ရာအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး ထိရောက်မှုရှိအောင် ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရပါသည်။

Source:  India to flag concerns over EU’s carbon tax, deforation regulation in WTO meet next year, The Economic Times, August 1, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)