Japan

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွက် အရေးပါသည့် စွမ်းအင်ဖူလုံစေရေး အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်

Last Updated:

ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) နှင့် ကာတာနိုင်ငံတို့သို့ ယခုလကုန်တွင် သွားရောက်မည့်ခရီးစဉ်အတွင်း စွမ်းအင်ကဏ္ဍ၌ အဆိုပါနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အရင်းအမြစ်နည်းပါးသည့် ဂျပန်နိုင်ငံအနေဖြင့် စွမ်းအင်ချွေတာရေးအတွက် စွမ်းအင်ချွေတာရေးနည်းပညာများအသုံးပြုခြင်းနှင့် ဟိုက်ဒရိုဂျင်အသုံးပြုမှုကို မြှင့်တင်နိုင်ရေးဆောင်ရွက်နေသကဲ့သို့ စွမ်းအင်အရင်းအမြစ်ကြွယ်ဝသည့်နိုင်ငံများမှ လောင်စာဆီ စဉ်ဆက်မပြတ်ရရှိနိုင်ရေး သေချာစေရန်ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်၏ခရီးစဉ်မှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်းတွင် ဂျပန်ခေါင်းဆောင်တစ်ဦးအနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ ပထမဆုံးသွားရောက်သည့်ခရီးစဉ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကဲ့သို့သော ဒေသတွင်းစီးပွားရေးအရ လွှမ်းမိုးလာနိုင်သည့်နိုင်ငံများကို တုံ့ပြန်နိုင်ရေးနှင့် ဒေသတွင်း နိုင်ငံ့စီးပွားရေးဩဇာလွှမ်းမိုးနိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်အများအပြားလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ယခုလနှောင်းပိုင်းဖြစ်သည့် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ၄ ရက်ကြာ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံ ၃ နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏နည်းပညာဖြင့် အဆိုပါနိုင်ငံများ၏ ကာဗွန်ကင်းစင်သည့်နိုင်ငံများဖြစ်စေရေးကြိုးပမ်းမှုများကို ပံ့ပိုးခြင်း၊ အဆိုပါနိုင်ငံများနှင့် အရင်းအမြစ်ဆိုင်ရာ သံခင်းတမန်ခင်းဆက်ဆံရေး(Resource Diplomacy)ကို မြှင့်တင်နိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါခရီးစဉ်အတွင်း ဝန်ကြီးချုပ်အနေဖြင့် ဆော်ဒီအာရေဗျဝန်ကြီးချုပ် Mohammed bin Salman၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသမ္မတ Mohammed bin al-Nahyan နှင့် ကာတာနိုင်ငံ့ခေါင်းဆောင် Sheikh Tamin bin Hamad al-Thani တို့နှင့် ထိပ်သီးအစည်းအဝေးများပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမှာ မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်အနေဖြင့် ခရီးစဉ်အတွင်း ဂျပန်နိုင်ငံသို့ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရရှိနိုင်မှုသေချာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ့စွမ်းအင်လိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရပြီး အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းလျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်း၌ ကာဗွန်ကင်းစင်သောနိုင်ငံများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ အနာဂတ်တွင် ရေနံဈေးနှုန်းများကျဆင်းနိုင်သည့်အတွက် ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE)တို့အနေဖြင့် ၎င်းတို့၏စီးပွားရေးကဏ္ဍများတွင် စွမ်းအင်ထုတ်လုပ်မှုအပေါ် မှီခိုမှုလျှော့ချနိုင်ရေးနှင့် စီးပွားရေးကဏ္ဍများဖြန့်ကျက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source:  The Kyodo News (၆-၇-၂၀၂၃ )

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan