ရုရှားနိုင်ငံသည် ၂၀၂၂ - ၂၀၂၃ စိုက်ပျိုးရေးရာသီ(၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်အထိ)တွင် ဂျုံတန်ချိန် ၄၇ သန်း စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး Mr. Dmitry Patrushev က All-Russian Field Day-2023 တွင် ပြောကြားခဲ့ပါသည်။
ပဏာမအချက်အလက်များအရ ပြီးခဲ့သည့်ရာသီတွင် ဂျုံတန်ချိန် ၄၇ သန်းခန့်အပါအဝင် ကမ္ဘာ့ဈေးကွက်သို့ ကောက်ပဲသီးနှံတန်ချိန် သန်း ၆၀ တင်ပို့ခဲ့ပြီး ၎င်းအချက်အလက်သည် ရုရှားနိုင်ငံအတွက် စံချိန်တင်မှတ်တမ်းတစ်ခုဖြစ်ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရေးနှစ်သစ်တွင် ကောက်ပဲသီးနှံတန်ချိန် ၅၅ သန်းတင်ပို့နိုင်ရန် စီစဉ်ထားပြီး တင်ပို့နိုင်မှုအလားအလာ တိုးမြှင့်လာနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Patrushev မှ ကောက်ပဲသီးနှံများအား မိတ်ဖက်နိုင်ငံများသို့ တင်ပို့နိုင်ရန် စနစ်တကျစီစဉ်လျက်ရှိပြီး ၎င်းတို့သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အလွန်အရေးပါသော ပံ့ပိုးကူညီမှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါကြောင်း၊ လက်ရှိ ပို့ကုန်အလားအလာ၏ လေ့လာဆန်းစစ်မှုများအရ ရာသီသစ်တွင် ကောက်ပဲသီးနှံနှင့် ဂျုံတင်ပို့မှုပမာဏသည် ပြောင်းလဲမှုမရှိသေးသော်လည်း တိုးမြှင့်တင်ပို့နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
Source : https://ria.ru/20230707/eksport-1882850445.html
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)