India (Delhi)

လူဦးရေ ၃ ဘီလီယံခန့်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်သည် ဈေးနှုန်းမြင့်တက်ခြင်းမှ ရှောင်ရှားနိုင်မည်မဟုတ်

Last Updated:

ကမ္ဘာ့တွင် ဆန်အများဆုံးစိုက်ပျိုးထွက်ရှိသည့်နိုင်ငံခြောက်နိုင်ငံ၏ ဆန်ထွက်ရှိမှုကြိုတင်ခန့်မှန်းချက်များအရ ဆန်ဈေးနှုန်းသည် ၁၁ နှစ်တာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး ဆက်လက်၍လည်း ဈေးနှုန်းမြင့်တက်နိုင်သည့်အနေအထားတွင်ရှိကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို  ဈေးနှုန်းသက်သာစွာဖြင့် တင်ပို့လျက်ရှိသော အိန္ဒိယနိုင်ငံသည် လယ်သမားများအတွက် အခြေခံရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါကြောင်း၊ ပြီးခဲ့သည့်လက အစိုးရ၏ ရာသီသစ်ဆန်များအတွက် အစိုးရ၏ဝယ်ယူရေးဈေးနှုန်းများကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ဆန်တင်ပို့မှုဈေးနှုန်းမှာလည်း  ၅ နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါကြောင်း၊ ဆန်သည် ကမ္ဘာ့လူဦးရေ ၃ ဘီလီယံကျော်အတွက် အဓိကအစားအစာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလိုအပ်ချက်များသည့်သီးနှံဖြစ်ပြီး အာရှတိုက်တွင် အဓိကစိုက်ပျိုးပါကြောင်းနှင့် ယခုနှစ်တွင် အယ်နီညိုကြောင့် မိုးရွာသွန်းမှုလျော့နည်းပြီး စိုက်ပျိုးထွက်ရှိမှုကို ထိခိုက်မှုများရှိလာနိုင်ပါကြောင်း၊ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ကမ္ဘာ့ဆန်ဈေးနှုန်းအညွှန်းကိန်းမှာလည်း ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု သိရှိရကြောင်းလည်း ဖော်ပြထားပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခများကြောင့် ဈေးနှုန်းမြင့်တက်လျက်ရှိသောဆန်ဈေးနှုန်းသည် ရာသီဥတုအပြောင်းအလဲများနှင့် ဈေးကွက်လက်ကျန်လျော့နည်းမှုများကြောင့် ပိုမိုဈေးတက်လာမည်ဖြစ်ပါကြောင်းနှင့် အိန္ဒိယသည် ကမ္ဘာ့ဆန်ဈေးကွက်သို့ ဈေးနှုန်းအသက်သာဆုံးဖြင့် တင်ပို့သည့်နိုင်ငံဖြစ်သော်လည်း ဆန်ဈေးနှုန်းအနိမ့်ဆုံးတန်ဖိုးသတ်မှတ်ချက်အသစ်ကြောင့် အိန္ဒိယ၏ဆန်ဈေးနှုန်းမှာ မြင့်တက်လာသကဲ့သို့ အခြားသောဆန်တင်ပို့သည့်နိုင်ငံများ၏ဈေးနှုန်းများလည်း မြင့်တက်လာသည်ဟု အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ B.V Krishna Rao က ပြောကြားထားကြောင်းလည်း ဖော်ပြထားပါသည်။

အယ်နီညို၏သက်ရောက်မှုသည် နိုင်ငံတစ်နိုင်ငံတည်းသာမဟုတ်ဘဲ ဆန်စပါးစိုက်ပျိုးသည့်နိုင်ငံများအားလုံး၏ ဆန်ထွက်ရှိမှုကို ထိခိုက်နိုင်သည်ဟု ဆန်လုပ်ငန်းဆောင်ရွက်သော Olam India မှ ဒုဥက္ကဋ္ဌဖြစ်သူ Nitin Gupta ကလည်း ပြောကြားထားပါကြောင်း၊ ပြီးခဲ့သည့်လအနည်းငယ်အတွင်း ကြက်ဥ၊ အသား၊ သကြား စသည်တို့၏ဈေးနှုန်းများမှာ ကမ္ဘာ့အနှံ့မြင့်တက်ခဲ့ပါကြောင်းနှင့် ပြည်တွင်းလုံလောက်မှုရှိစေရေး ပြည်ပတင်ပို့မှုများကို ကန့်သတ်ထိန်းချုပ်ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အာရှမှ သီးနှံထွက်ရှိမှုအားကောင်းမည်ဟု ခန့်မှန်းထားကြသော်လည်း နယူးဒေလီမြို့အခြေစိုက် Global Trading House က အယ်နီညိုသည် ဆန်စပါးစိုက်ပျိုးသည့်နိုင်ငံများ၏ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သည်ဟု မျှော်မှန်းထားပါကြောင်းနှင့် ဆန်လက်ကျန်လျော့နည်းမှုများကြောင့် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိပါကြောင်း၊ ဆန်ထွက်ရှိမှုကျဆင်းပါက ဈေးနှုန်းမှာ ပိုမို၍မြင့်တက်လာမည်ဟု Nitin Gupta က ပြောကြားထားပါကြောင်း၊ ပြီးခဲ့သည့်နှစ်များတွင် ဝယ်လိုအားများလာသော်လည်း တရုတ်နှင့်အိန္ဒိယတို့၏ ထုတ်လုပ်မှုများကျဆင်းသွားသဖြင့် ကမ္ဘာ့ဆန်သို့လှောင်ထားရှိမှုလက်ကျန်မှာ ၂၀၂၃-၂၀၂၄ နှစ်ကုန်တွင် ၆ နှစ်အတွင်း အနည်းဆုံးပမာဏအဖြစ် တန်ချိန် ၁၇၀.၂ မီလီယံသာကျန်ရှိမည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဌာနက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အယ်နီညိုသည် အာရှနိုင်ငံများ၏ ဆန်စပါးထုတ်လုပ်မှုကို ပုံမှန်ထက်လျော့နည်းစေမည်ဖြစ်ပြီး ပုံမှန်ထက်သိသိသာသာအထွက်နှုန်းလျော့နည်းခဲ့ပါက ဈေးနှုန်းမှာ ငါးပုံတစ်ပုံ၊ သို့မဟုတ် ထိုထက်ပို၍ တက်သွားနိုင်သည်ဟု နယူးဒေလီမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားထားပါကြောင်း၊ ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံကလည်း မေလအတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်ထက် ၂၆ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီးနောက် တောင်သူများအား ဆန်တစ်မျိုးတည်းကိုသာ စိုက်ပျိုးရန်တွန်းအားပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နွေရာသီစပါးစိုက်ပျိုးမှုမှာ ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး မိုးဦးကျမိုးရွာသွန်းမှုမှာလည်း ပုံမှန်ထက် ၈ ရာခိုင်နှုန်းလျော့နည်းသည်ဟု အစိုးရ၏ သတင်းအချက်အလက်ထုတ်ပြန်ချက်များအရ သိရှိရပါကြောင်း၊ ဆန်စပါးထွက်ရှိမှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင်  အစောပိုင်းသီးနှံရာသီအတွက် လွယ်ကူစေမည်မဟုတ်သော်လည်း လက်ကျန်ဆန်ပမာဏများသည့်အတွက် ဝယ်လိုအားနှင့်ရောင်းလိုအား မျှချေရှိနိုင်သည်ဟု ရှန်ဟိုင်း JC Ingelligence ၏ ဆန်းစစ်လေ့လာသူ Rosa Wang က ပြောကြားထားကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းသည် လက်ရှိအစိုးရအား စိုးရိမ်ပူပန်မှုဖြစ်စေပြီး ပြီးခဲ့သည့်နှစ်က ဂျုံတင်ပို့မှုကို ပိတ်ပင်ခြင်း၊ ပြည်တွင်းဈေးကွက်ကို ထိန်းသိမ်းနိုင်ရန်အတွက် ဆန်နှင့်သကြားတင်ပို့မှုကို ကန့်သတ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲနီးလာသည့် ယခုအချိန်တွင် သီးနှံစိုက်ပျိုးမှုလျော့နည်းခြင်းနှင့် ပြည်တွင်းကုန်ဈေးနှုန်းများကြီးမြင့်ခြင်းတို့သည့် လက်ရှိဝန်ကြီးချုပ် နာရိန်ဒြာမိုဒီ ဦးဆောင်သည့် ဘီဂျေပီပါတီကို စိုးရိမ်မှုများပိုမိုဖြစ်စေနိုင်သဖြင့် စားသောက်ကုန်ပြည်ပတင်ပို့မှုကို ပိုမိုကန့်သတ်ခြင်းများ ပြုလုပ်လာနိုင်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ စားသောက်ကုန်တင်ပို့မှုထိန်းချုပ်ခြင်းများသည် တခြားသောနိုင်ငံများ၏ ရောင်းလိုအားအပေါ်တွင် သက်ရောက်မှုများရှိလာနိုင်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုလျော့နည်းပြီး ရောင်းလိုအား သိသိသာသာကျဆင်းသွားပါက ကမ္ဘာ့ကုန်ဈေးနှုန်းမှာ မြင့်တက်သွားနိုင်ပါကြောင်းနှင့် မြန်မာ၊ ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်တို့၏ စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၃ သန်း မှ ၄ သန်းခန့်အထိ မြင့်တက်လာနိုင်သည်ဟု စင်္ကာပူအခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားထားပါကြောင်း၊ သို့ရာတွင် ဆန်ဈေးနှုန်းမြင့်တက်မှုသည် ဝယ်ယူသူများအတွက် အခက်အခဲဖြစ်စေနိုင်ပါကြောင်း၊ အာဖရိကနိုင်ငံများမှ ဆန်ဝယ်ယူမှုမှာ လျော့နည်းလာသော်လည်း အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် ဗီယက်နမ်မှဆန်များ ပိုမိုဝယ်ယူလျက်ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ပုံမှန်အားဖြင့် ဆန်ကို  ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝယ်ယူလေ့ရှိသော်လည်း အယ်နီညိုကြောင့် ပြည်တွင်းရောင်းလိုအားကို ထိခိုက်နိုင်သဖြင့် ပြီးခဲ့သည့်လတွင် အိန္ဒိယနှင့် ဆန်တန်ချိန် ၁ သန်း ဝယ်ယူရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပြီးခဲ့သည့်နှစ်အနည်းငယ်က ဆန်ဈေးကွက်ကို ဝယ်ယူသူမှ စိတ်ကြိုက်ရွေးချယ်ဆောင်ရွက်နိုင်ခဲ့သော်လည်း အယ်နီညိုကြောင့် ထုတ်လုပ်မှုလျော့နည်းပြီး ရောင်းချသူ၏ စိတ်ကြိုက် ဈေးကွက်ဖြစ်လာနိုင်သည်ဟု စင်္ကာပူကုန်သည်တစ်ဦးက ပြောကြားထားကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

Source: Rice, a staple for 3 billion, won’t be spared by the price spike devil, The Economic Times,  July 6, 2023

(မျိုးမြင့်မောင်၊ စီးပွား‌ရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)