Japan

ဂျပန်နိုင်ငံတွင် ကုန်သွယ်မှုလိုငွေကျဆင်းလာခြင်းကြောင့် ၄ လဆက်တိုက် စာရင်းရှင်စာရင်း (Current Account) ပိုငွေဖြစ်ပေါ်ခဲ့

Last Updated:

ပြည်ပရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်ခဲ့ခြင်းကြောင့် ဝင်ငွေများရရှိခဲ့ခြင်းနှင့် ကုန်သွယ်မှုလိုငွေကျဆင်းခဲ့ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ၏စာရင်းရှင်စာရင်း (Current Account) ပိုငွေမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆကျော်မြင့်တက်ခဲ့ပြီး ၄ လ ဆက်တိုက် စာရင်းရှင်စာရင်း (Current Account) ပိုငွေဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၃ ခုနှစ် မေလတွင် စာရင်းရှင်စာရင်းပိုငွေမှာ ယန်း ၁.၈၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၀၈ ဘီလီယံ)သို့ရောက်ရှိခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလတွင်  စာရင်းရှင်စာရင်းပိုငွေမှာ ယန်း ၇၇၃ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ စီးပွားရေးပညာရှင်များ၏ ကာလလတ်ခန့်မှန်းချက်တွင် စာရင်းရှင်စာရင်းပိုငွေမှာ ယန်း ၁.၈၈ ထရီလီယံရှိနိုင်ကြောင်း ခန့်မှန်းချက်ထက် အနည်းငယ်သာကွာဟခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ၏ကုန်သွယ်ရေးလိုငွေမှာ ယန်း ၁.၈ ထရီလီယံရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် မေလတွင် ၁.၂ ထရီလီယံသို့ကျဆင်းခဲ့ကြောင်း၊ ဝင်ငွေပိုလျှံမှုမှာ ၂၀၂၂ ခုနှစ်တွင် ယန်း ၃.၁ ထရီလီယံ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ယန်း ၃.၆ ထရီလီယံသို့ မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် စာရင်းရှင်စာရင်း (Current Account) ပိုငွေမှာ ၄ လဆက်တိုက်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

မော်တော်ယာဉ်ထုတ်လုပ်မှုကဲ့သို့သောကဏ္ဍများတွင် ပြည်ပရှိဂျပန်ကုမ္ပဏီများ၏ လက်အောက်ခံကုမ္ပဏီများထံမှ အမြတ်ဝေစုများရရှိခြင်း၊ ငွေချေးသက်သေခံလက်မှတ်များထုတ်ပေးသည့် ကုမ္ပဏီများအနေဖြင့် အတိုးနှုန်းများရရှိခဲ့ခြင်းကြောင့် ဝင်ငွေရရှိမှုမြင့်မားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

လွန်ခဲ့သောနှစ်များအတွင်း စွမ်းအင်ဈေးနှုန်းမြင့်မားခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခြင်းတို့ကြောင့် စာရင်းရှင်စာရင်း(Current Account)အခြေအနေမှာ ကောင်းမွန်ခဲ့ခြင်းမရှိခဲ့ဘဲ ကုန်ကြမ်းပစ္စည်းများနှင့် လောင်စာဆီတင်သွင်းမှုအပေါ် များစွာမှီခိုနေရသည့် ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံ့ဝင်ငွေများအဓိကရရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြသည့် ပြည်ပကုမ္ပဏီများအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများကို အခြားနိုင်ငံများတွင် ပြောင်းရွှေ့လုပ်ကိုင်ခြင်းကြောင့် ပို့ကုန်အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသောဂျပန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : The Reuters News (10-7-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan