Japan

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားဓါတ်အားပေးစက်ရုံမှ ထွက်ရှိသည့် သန့်စင်ပြီးရေများအား ပင်လယ်ထဲသို့ စွန့်ပစ်မည်ဆိုပါက ဟောင်ကောင်အနေဖြင့် ဂျပန်မှ ရေထွက်ကုန်များတင်သွင်းမှုကို ပိတ်ပင်သွားမည်

Last Updated:

ဂျပန်နိုင်ငံရှိ ပျက်စီးသွားသော ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံ၏ ရေဒီယိုသတ္တိကြွပစ္စည်းများမှ ထွက်ရှိလာသည့် သန့်စင်ပြီးရေများအား ပင်လယ်အတွင်းစွန့်ပစ်သွားမည်ဆိုပါက ဟောင်ကောင်အနေဖြင့် ဂျပန်မှရေထွက်ကုန်များတင်သွင်းမှုကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး John Lee က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အဆိုပါပျက်စီးသွားသော ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ရန်ဆောင်ရွက်မှုသည် မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါလုပ်ရပ်သည် လက်ရှိဟောင်ကောင်တွင်နေထိုင်ကြသော ပြည်သူများအတွက်သာမက နောင်မျိုးဆက်များအားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည့်အတွက် အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ သန့်စင်ပြီးရေများကို အမှန်တကယ်စွန့်ပစ်မည်ဆိုပါက ဂျပန်နိုင်ငံရှိ ပြည်နယ်အများအပြားမှ ဟောင်ကောင်သို့ ရေထွက်ကုန်များတင်သွင်းမှုကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ် မတ်လတွင် ငလျင်နှင့် ဆူနာမီအကြီးအကျယ်ဖြစ်ပွားပြီးနောက် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံ၏ အအေးပေးစနစ်ပျက်စီးခဲ့ကာ ဓာတ်ပေါင်းဖို ၃ လုံးအရည်ပျော်ခဲ့ပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ ထွက်ရှိလာခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဓာတ်ပေါင်းဖိုများအား ပြန်လည်အေးခဲစေရန်အတွက် အသုံးပြုခဲ့သည့်ရေများကို ရေလှောင်ကန်များတွင် ထိန်းသိမ်းထားခဲ့ကြောင်း၊ အဆိုပါရေလှောင်ကန်များမှာ ၂၀၂၄ ခုနှစ်အစောပိုင်းတွင် သိုလှောင်နိုင်သည့်ပမာဏပြည့်မီတော့မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ်တွင် ဂျပန်အစိုးရအနေဖြင့် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှထွက်ရှိသည့် ရေများတွင် ရေဒီယိုသတ္တိကြွမှုအနည်းငယ်ရှိနေဆဲဖြစ်သော်လည်း အဆိုပါပမာဏသည် ရေတွင်ပျော်ဝင်ပြီး အားပျော့သွားနိုင်သည့်အတွက် လုံခြုံစိတ်ချရသည့်အဆင့်တွင်ရှိကြောင်းနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ တဖြည်းဖြည်းစွန့်ပစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ဓါတ်အားပေးစက်ရုံမှရေကို နျူကလီးယားဓါတ်အားပေးစက်ရုံတွင် ကန် ၁၀၀၀ ဖြင့် သိုလှောင်ထားကြောင်း၊ ငလျင်ဒဏ်ကြောင့် မတော်တဆဖိတ်စင်မှုများဖြစ်ပေါ်နိုင်မှုကို တားဆီးနိုင်ရေးနှင့် နျူကလီးယားဓါတ်အားပေးစက်ရုံဖျက်သိမ်းရေး ဆောင်ရွက်နိုင်ရန်အတွက် သိုလှောင်ထားသည့်ရေများကို ဖယ်ရှားရန်လိုအပ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် နျူကလီးယားဓါတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများစွန့်ပစ်နိုင်ရန်အတွက် တပ်ဆင်ထားသည့် စက်ကိရိယာများကို စမ်းသပ်မှုများပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ကုလသမဂ္ဂနျူကလီးယားအေဂျင်စီအနေဖြင့် အဆိုပါဂျပန်နိုင်ငံ၏ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ရေဆိုးများစွန့်ပစ်ရန်ကိစ္စအား ပြီးခဲ့သည့်အပတ်တွင် ခွင့်ပြုပေးခဲ့ပြီး ထိုသို့စွန့်ပစ်မှုသည် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်ကိုက်ညီကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများမှာ မပြောပလောက်ကြောင်း ထုတ်ပြန်ခဲ့သည်ဟု ဖော်ပြထားပါသည်။

သို့သော် အဆိုပါအစီအစဉ်သည် ဒေသလုံခြုံရေးနှင့် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်နိုင်သည့်အတွက် ဂျပန်ဒေသခံ တံငါသည်အသိုက်အဝန်းမှလည်း ဆန့်ကျင်လျက်ရှိကြောင်း၊ တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာနှင့် ထိစပ်လျက်ရှိသည့်နိုင်ငံများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သည့်အပတ်တွင် ဂျပန်နိုင်ငံရှိပြည်နယ် ၄၇ ခုအနက် ပြည်နယ် ၁၀ ခုမှ စားသောက်ကုန်များတင်သွင်းလာမှုကို ပိတ်ပင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်အစိုးရအနေဖြင့် ဂျပန်နိုင်ငံ၏အစီအစဉ်ကို တုံ့ပြန်နိုင်ရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဟောင်ကောင်တွင် အစားအသောက်ဘေးကင်းရေးအတွက်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ လက်ရှိတွင် ဖူကူရှီးမားမှ သစ်သီးဝလံကဲ့သို့သော ထွက်ကုန်များအား ဟောင်ကောင်သို့ တင်သွင်းမှုကို ပိတ်ပင်ထားကြောင်း၊ အခြားသောအသားနှင့် ကြက်ငှက်များကို ရေဒီယိုသတ္တိကင်းစင်ကြောင်း အထောက်အထားပြသနိုင်ပါက တင်သွင်းခွင့်ပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။ ထို့အတူ ဖူကူရှီးမားနှင့်ကပ်လျက်ရှိသည့်ဒေသများဖြစ်သည့် Gunma ၊ Ibaraki ၊ Tochigi နှင့် Chiba ဒေသများမှ ဟောင်ကောင်သို့ စားသောက်ကုန်များတင်သွင်းလာပါကလည်း ရေဒီယိုသတ္တိကင်းစင်ကြောင်း အထောက်အထားပူးတွဲတင်ပြရန် လိုအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လက်ရှိတွင် ဟောင်ကောင်အနေဖြင့် ဂျပန်နိုင်ငံမှ စားသောက်ကုန်တင်သွင်းမှုမှာ စုစုပေါင်းတင်သွင်းမှု၏ ၂ ရာခိုင်နှုန်းသာရှိပြီး အရေအတွက်အားဖြင့် များပြားခြင်းမရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဟောင်ကောင်အနေဖြင့် တရုတ်ပြီးပါက ဂျပန်မှ ရေထွက်ကုန်ဒုတိယအများဆုံး တင်သွင်းလျက်ရှိပြီး ၂၀၂၂ ခုနှစ်၌ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံတန်ဖိုးကို တင်သွင်းခဲ့ကာ စုစုပေါင်းတင်သွင်းမှု၏ ၃၃.၁၆ ရာခိုင်နှုန်းတင်သွင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဟောင်ကောင်အနေဖြင့် ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၈.၂၆ သန်းတန်ဖိုးရှိ ရေထွက်ကုန်များတင်သွင်းခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၀.၆ ရာခိုင်နှုန်းတင်သွင်းခဲ့ပြီး အဆင့် ၂၂ နေရာတွင်ရှိကြောင်း တွေ့ရှိရပါသည်။

ဟောင်ကောင်အနေဖြင့် ဂျပန်နိုင်ငံ၏ရေထွက်ကုန်များ ဟောင်ကောင်သို့ တင်သွင်းခွင့်ပိတ်ပင်သွားမည်ဆိုပါက မြန်မာနိုင်ငံအပါအဝင် အခြားသောကမ္ဘာ့နိုင်ငံများမှ ပြောင်းလဲတင်သွင်းမှုများ ပြုလုပ်လာနိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင်လည်း မြန်မာ့ရေထွက်ကုန်များ ဟောင်ကောင်ဈေးကွက်သို့ တင်ပို့ရလျက်ရှိသည့်အတွက် ဈေးကွက်ချိတ်ဆက်မိပြီးဖြစ်သည့် မြန်မာ့ရေထွက်ကုန်များ ဟောင်ကောင်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် အလားအလာများရှိကြောင်း သုံးသပ်ရပါသည်။

Source: The Diplomat (၁၂-၇-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan