India (Delhi)

ဝန်ကြီးချုပ်မိုဒီက ၎င်း၏ တတိယအကြိမ် အစိုးရသက်တမ်းတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံသို့ ရောက်ရှိအောင်ဆောင်ရွက်သွားမည် ဟု ပြောကြား

Last Updated:

ဝန်ကြီးချုပ် နာရိန်ဒြာမိုဒီက ၎င်း၏တတိယအကြိမ်အစိုးရသက်တမ်းတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီးနိုင်ငံနေရာသို့ ရောက်ရှိအောင်ဆောင်ရွက်သွားမည်ဟု ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့်အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲနှင့်ဘက်စုံသုံးညီလာခံခန်းမစင်တာ(Internationl Exhibition -cum-Convention Center–IECC)အား  Bharat Mandapam ဟု အမည်ပေး ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်မိုဒီ၏အစိုးရသည် အစိုးရသက်တမ်း ၁၀ နှစ်ကို နောက်လာမည့်မေလတွင် ပြည့်မည် ဖြစ်ပြီး တတိယအကြိမ်အစိုးရသက်တမ်းအတွက် မဲဆွယ်စည်းရုံးမှုများဆောင်ရွက်နေကြောင်း၊ ဝန်ကြီးချုပ်မီုဒီက  အစိုးရအကြံပေးအဖွဲ့ Niti Aayog ၏တင်ပြချက်အချက်အလက်များကို ကိုးကားပြီး ပြီးခဲ့သည့် ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏လူဦးရေ ၁၃၅ သန်းကို ဆင်းရဲခြင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း အိန္ဒိယနိုင်ငံသည် အလွန်အမင်းဆင်းရဲခြင်းမှ လွတ်မြောက်တော့မည်ဟု ပြောကြားထားသဖြင့် ပြီးခဲ့သည့် ၉ နှစ်တာကာလအတွင်း ချမှတ်ဆောင်ရွက်ခဲ့သည့် မူဝါဒများ၊ ဆုံးဖြတ်ချက်များသည် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ရှိသည်ဟုဆိုနိုင်ပါကြောင်းနှင့်နောင် ၂၅ နှစ်အတွင်း အိန္ဒိယနိုင်ငံအား ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရည်မှန်းချက်ချမှတ်အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။

အစိုးရ၏ ၉ နှစ်တာကာလအတွင်း နိုင်ငံ၏ လေဆိပ်၊ ရထားလမ်း၊ လျှပ်စစ်စွမ်းအင်နှင့် မြို့ပြ အိမ်သုံးဓာတ်ငွေ့ဖြန့်ဖြူးပေးနိုင်သည့် အခြေအနေများကိုပြောကြားရာတွင် ဝန်ကြီးချုပ်က ၎င်း၏ဘီဂျေပီပါတီအစိုးရတာဝန်စတင်သည့် ၂၀၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေး၌ အဆင့် ၁၀ နေရာ၌သာရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံအရေးပထမ၊ နိုင်ငံသားအရေးပထမ အခြေခံသဘောတရား(The principle of nation first, citizen first)အပေါ်အခြေခံ၍ အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားထားကြောင်း သိရှိရပါသည်။

ထို့အပြင် ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် G- 20 ထိပ်သီးဆွေးနွေးပွဲကို Bharat Mandapam ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိပ်သီးအစည်းအဝေးသို့ လာရောက်မည့် ခရီးသွားများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

အဆိုပါစင်တာနာမည်အသစ်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal နှင့် အခြားသောဝန်ကြီးများနှင့်အတူ ဒရုန်းဖြင့် ပုံဖော်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် IEEC သည် အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ ပြပွဲများဖြင့် ဆွဲဆောင်မှုပြုလုပ်နိုင်မည့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးစင်တာကြီးဖြစ်ပြီး တည်နေရာအကျယ်အဝန်းနှင့် အခမ်းအနားများကျင်းပနိုင်မှုအခြေအနေကိုကြည့်လျှင်လည်း  ကမ္ဘာ့အကြီးဆုံးကုန်စည်ပြပွဲများနှင့် အစည်း အဝေးများ ကျင်းပနိုင်သည့်နေရာများစာရင်းတွင် ပါဝင်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ မေလတွင် ကျင်းပပြုလုပ်မည့် အိန္ဒိယနိုင်ငံ၏ ရွေးကောက်ပွဲမတိုင်မီ လက်ရှိအစိုးရနှင့် ဝန်ကြီးချုပ်တို့၏ စီးပွားရေးဆိုင်ရာ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများဖြင့် မဲဆွယ်စည်းရုံးဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

Source:        India will become 3rd largest economy in my 3rd term: PM Modi, The Economic Times, 26 July, 2023

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)