India (Delhi)

အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၆.၁ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်း

Last Updated:

ကမ္ဘာ့စီးပွားရေးသည် ငွေကြေးဖောင်းပွမှုအခြေအနေဆိုးမှ လွတ်မြောက်နိုင်ခြင်း မရှိသေးသော်လည်း အိန္ဒိယနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည်  ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ အခိုင်အမာရှိခြင်းကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုးတက်မှု ၆.၁ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund-IMF)က ခန့်မှန်းထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၅.၉ ရာခိုင်နှုန်းရှိမည်ဟု ဧပြီလက ခန့်မှန်းထားရာမှ ယခုအခါ ၆.၁ ရာခိုင်နှုန်းထိ တိုးတက်မှုရှိမည်ဟု ခန့်မှန်းထားပါကြောင်းနှင့် ၂၀၂၅ ဘဏ္ဍာနှစ်အတွက် တိုးတက်မှုနှုန်းခန့်မှန်းချက် ၆.၃ ရာခိုင်နှုန်းမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရှိရပါသည်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၏ ခန့်မှန်းချက်သည့် အိန္ဒိယနိုင်ငံ၏ဗဟိုဘဏ်(Reserve Bank of India-RBI)၏ ၂၀၂၄ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းတိုးတက်မည်ဟူသော ခန့်မှန်းချက်ထက် လျော့နည်းပါကြောင်း၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်၏ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည့်အချက်များတွင်လည်း ကျေးလက်ဒေသနှင့်မြို့ပြဒေသများ၏ စားသုံးသူများ၏ဝယ်လိုအား ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ တိုးတက်မှုနှုန်းကို ၆.၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေးအခြေအနေ

ကမ္ဘာ့စီးပွားရေးအခြေအနေမှာ ကပ်‌ရောဂါဖြစ်ပွားမှုများနှင့် ရုရှား-ယူကရိန်းပဋိပက္ခများမှ တဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုများမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက်(Supply-chain)များသည် ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်ကာလတွင် စီးပွားရေးလုပ်ငန်းများမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ဘဏ်လုပ်ငန်းဆိုင်ရာ မတည်ငြိမ်မှုများကိုလည်း ထိန်းချုပ်နိုင်ပြီဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့မှ ပြောကြားထားကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးကြွေးမြီသတ်မှတ်ချက်ဆိုင်ရာ အချေအတင်ဖြစ်နေမှုကို ဖြေရှင်းလိုက်ခြင်းသည် ချေးငွေဆိုင်ရာ ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ရုန်းကန်နေရသော နိုင်ငံများအပေါ် ပိုမိုဖိအားဖြစ်စေနိုင်သည့် အစိုးရကြွေးမြီအတွက် အတိုးနှုန်းမြှင့်တင်ခြင်းဆိုင်ရာ စွန့်စားရမှုများကို လျှော့ချပေးနိုင်ခဲ့သည်ဟု IMF က ပြောကြားထားသည်ကိုတွေ့ရှိရပါသည်။ အခြေခံခန့်မှန်းချက်များအရ ကမ္ဘာ့စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဧပြီလ ခန့်မှန်းချက်ထက် ၀.၂ ရာခိုင်နှုန်းပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၃.၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် စွန့်စားရမှုမျှချေမှာ ကျဆင်းနေသော်လည်း ၂၀၂၃ ခုနှစ် ဧပြီလတွင် ကမ္ဘာ့စီးပွားရေးဆိုင်ရာ အလားအလာခန့်မှန်းချက်(World Economic Outlook)ကို ထုတ်ပြန်ခဲ့ပြီးကတည်းက ဆိုးရွား သောစွန့်စားရမှုများမှာ မှေးမှိန်သွားသည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးနာလန်ထူမှုမှာ နှေးကွေးနေခြင်းနှင့် ငွေကြေးဆိုင်ရာတင်းကြပ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်မှုများသည် အရှိန်အဟုန်ပျောက်ဆုံးနေပါကြောင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခများနှင့် ကိုဗစ် ၁၉ ကပ်ရောဂါများမှ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်နာလန်ထူမှုမှာ ဒေသများနှင့် စီးပွားရေးကဏ္ဍများအကြား ကွားခြားချက်ကြီးမားမှုကြောင့် နှေးကွေးနေပါကြောင်းလည်း ဖော်ပြထားပါသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာဈေးနှုန်းကြီးမြင့်မှုများမှာ မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်နေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကျဆင်းခြင်း၊ စားသုံးမှုအားကောင်းခြင်းနှင့် တရုတ်နိုင်ငံ၏ ပြန်လည်အားကောင်းလာနိုင်မှု စသည်အချက်များသည် ကမ္ဘာ့စီးပွားရေးခန့်မှန်းတွက်ချက်ရာတွင် စိန်ခေါ်မှုအခက်အခဲများကို ပိုမိုမြင့်တက်စေသည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားထားကြောင်း သိရှိရပါသည်။

ပထဝီနိုင်ငံရေးအခြေအနေသည်လည်း ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ပြိုင်ဘက်အုပ်စုများအကြား ကမ္ဘာ့စီးပွားရေးဆိုင်ရာ အုပ်စုကွဲမှုများနှင့်အတူ ဘူမိစီးပွားရေးအကွဲအပြဲများ မြင့်တက်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပေါင်းစည်းမှု၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလွှဲပြောင်းပေးမှုများအတွက် အားထားနိုင်သော ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးများကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၏ စီးပွားရေးအကြံပေးနှင့် သုတေသနဌာနညွှန်ကြားရေးမှူးဖြစ်သူ Pierre-Olivier Gourinchas က ပြောကြားထားကြောင်းလည်း သိရှိရပါသည်။

ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်မှုများ

စီးပွားရေးနယ်ပယ်တစ်လျှောက် ဈေးနှုန်းလမ်းကြောင်းတွင် အဓိကငွေကြေးဖောင်းပွမှု ထိန်းညှိ ရေးနှေးကွေး‌နေမှုအပေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က  စိုးရိမ်လျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှုကို နိုင်ငံများစွာ၌ ဖြေရှင်းဆောင်ရွက်နေကြသော်လည်း မတူညီသော စီးပွားရေးပုံစံနှင့် ငွေကြေးဖောင်းပွမှု ဖြေရှင်းရေးအစီအမံများနှင့်အတူ ငွေကြေးဖောင်းပွမှုမှာ မြင့်တက်လျက်ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်နှစ်တွင် ၈.၇ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၆.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဖြစ်သကဲ့သို့ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ ဈေးနှုန်းကြီးမြင့်မှုသည် အစောပိုင်းတွင် ၆.၅ ရာခိုင်နှုန်းရှိရာမှ ၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၏ ဖော်ပြထားချက်အရ သိရှိရပါသည်။

သို့ရာတွင် အယ်လ်နီညိုသည် မျှော်လင့်ထားသည်ထက်ပိုမို၍ အပူချိန်မြင့်မားမှုများကို ဖြစ်ပေါ်လာစေနိုင်ပါကြောင်းနှင့် မိုးခေါင်ရေရှားမှုများကို ပိုမိုဖြစ်ပေါ်စေပြီး အကျိုးရလဒ်အနေဖြင့် ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်ကြောင်း ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၏ ကုန်စည်လက်လီရောင်းချမှုများတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကြီးမြင့်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လတွင် ၃ လအတွင်း အမြင့်ဆုံးနှုန်းထားဖြစ်သည့် ၄.၈၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပါကြောင်းနှင့် ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်မှုနှင့် ဘေးအန္တရာယ်ဖြစ်နိုင်မှုအခြေအနေစောင့်ကြည့်မှုတို့ကို အလေးထားဆောင်ရွက်သင့်သည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က အကြံပြုထားကြောင်းနှင့် အိန္ဒိယဗဟိုဘဏ်(Reserve Bank of India) ၏ငွေကြေးမူဝါဒကော်မတီသည် သြဂုတ်လတွင် ကျင်းပမည့်အစည်းအဝေးတွင် ပုဂ္ဂလိကဘဏ်များသို့ ချေးပေးသည့် ငွေအပေါ်တွင် အတိုးနှုန်း ၆.၅ ရာခိုင်နှုန်းကို  ၃ ကြိမ်ဆက်တိုက်ပြောင်းလဲခြင်းမရှိဘဲ ထိန်းထားနိုင်ဖွယ်ရှိကြောင်းလည်း The Economic Time သတင်းစာတွင် ဖော်ပြထားပါသည်။

မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များ

ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများကြီးမြင့်သည့်နိုင်ငံများ(core inflation economies)ရှိ ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုကိုလျော့ချနိုင်ရန်အတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် ကတိကဝတ်များကို ပြတ်ပြတ်သားသားထုတ်ပြန်ဆောင်ရွက်ရန် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က တိုက်တွန်းထားပါကြောင်း၊ ထို့အပြင် ငွေကြေးဆိုင်ရာခိုင်မာအားကောင်းစေခြင်း၊ အားနည်းသည့် လုပ်သားဈေးကွက်အတွက် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပေးခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းများကို ခံနိုင်ရည်ရှိစေရန် ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ရန်လည်း တိုက်တွန်းထားပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုများအတွက် လုံလောက်စွာပြင်ဆင်ထားမှု မရှိပါက ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့် နိုင်ငံများသည် ပိုမိုပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုနှင့် အပူချိန်မြင့်တက်မှုတို့ကို ကြုံတွေ့ရလိမ့်မည်ဖြစ်သဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်ရန် Gourinchas က ပြောကြားထား ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source: IMF raises India’s FY 24 forecast to 6.1%, The Economic Times, July 25, 2023

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)