India (Delhi)

အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သည့် ဆန်ဖြူကို ဘူတန်၊ စင်ကာပူနှင့် မောရစ်သျှနိုင်ငံများသို့ တင်ပို့ခွင့်ပြုလိုက်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အမိန့်ကြော်ငြာစာ အမှတ် ၂၀/၂၀၂၃ ဖြင့် ဘာစမာတီမဟုတ်သည့်ဆန်ဖြူများ ပြည်ပသို့ တင်ပို့မှုကို တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါအမိန့်ကြော်ငြာစာအမှတ် စာပိုဒ် ၂၊ အပိုဒ်ခွဲ(ဃ)တွင် “အခြားသောနိုင်ငံအစိုးရများက စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် မေတ္တာရပ်ခံလာမှုအပေါ် မူတည်ပြီး အိန္ဒိယအစိုးရမှ ဆန်တင်ပို့မှုကို ခွင့်ပြုသွားနိုင်သည်” ဟု ဖော်ပြထားသည်ဟု သိရှိရပါသည်။

ယခုအခါ နိုင်ငံခြားကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာနက ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၃ ဖြင့် ဘာစမာတီမဟုတ်သည့်ဆန်ဖြူ(HS code 1006 30 90 )ကို အမျိုးသားသမဝါယမပို့ကုန်လီမိတက်မှတစ်ဆင့် ဘူတန်၊ စင်ကာပူနှင့် မောရစ်သျှနိုင်ငံများသို့ ဆန်တင်ပို့မှုကို ခွင့်ပြုခဲ့ပြီး ခွင့်ပြုသည့်ပမာဏကိုပါ ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံအလိုက်  ဆန်တင်ပို့မှုခွင့်ပြုခဲ့သည့်ပမာဏများမှာ ဘူတန်နိုင်ငံသို့ ၇၉၀၀၀ တန်၊ မောရစ်သျှနိုင်ငံသို့ ၁၄၀၀၀ တန်နှင့် စင်ကာပူနိုင်ငံသို့ ၅၀၀၀၀ တန်ဖြစ်ကြောင်းတွေ့ရှိရပါသည်။

အဆိုပါခွင့်ပြုချက်မှာ ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် စာပိုဒ် ၂၊ အပိုဒ်ခွဲ (ဃ) အရ ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

Source: စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: India (Delhi)