India (Delhi)

အိန္ဒိယအစိုးရအနေဖြင့် ပို့ကုန်မြှင့်တင်ရန်အတွက် ခရိုင်များအား ဖော်ထုတ်ဆောင်ရွက်သွားမည်

Last Updated:

နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် Santosh Sarangi က အစိုးရသည် ပို့ကုန်မြှင့်တင်ရန်အတွက် ခရိုင်များကို ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတွင်းရှိ ခရိုင်ခုနစ်ဆယ် သည် နိုင်ငံ၏ပို့ကုန်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကို တင်ပို့နေသည်ဟု သောကြာနေ့တွင် အိန္ဒိယကုန်သည်ကြီးများအသင်း၌ သတင်းထောက်များအား ပြောကြားခဲ့ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အနောက်ဘင်္ဂလားပြည်နယ်တွင် Darjeeling နှင့် Howrah ခရိုင်နှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး လက်ဝတ်ရတနာနှင့်အင်ဂျင်နီယာပစ္စည်းများအတွက် Howrah နှင့်လက်ဖက်အတွက် Darjeeling ကို ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၎င်းတို့အတွက် ပို့ကုန်အစီအစဥ်များကိုလည်း ချမှတ်ထားပြီးဖြစ်သည်ဟု  Sarangi က ပြောကြားထားသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားရေးဦးစီးဌာနသည် နိုင်ငံ၏ကုန်သွယ်မှုမူဝါဒကိုရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံသည် အီလက်ထရွန်နစ်ပစ္စည်းများ၊ အိမ်သုံးရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည့် White Goods ကုန်ပစ္စည်းများနှင့် ပြုပြင်ပြီးစားသောက်ကုန်များတင်ပို့ရန် အလားအလာကြီးမားစွာရှိပါကြောင်း၊ နိုင်ငံ၏ လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တိုးတက်မှုနှုန်းဖြင့် မကြာမီတွင် အလယ်အလတ်ဝင်ငွေရှိသော စီးပွားရေးဖြစ်လာရန် မျှော်မှန်းထားကြောင်း Sarangi မှ ပြောကြားထားသည်။ .

အိန္ဒိယ၏ ပို့ကုန်နှင့် GDP အချိုးသည် ယခုအခါ ၂၂ ရာခိုင်နှုန်းရှိပြီး ဂျာမနီနှင့် ထိုင်ဝမ်တို့ကဲ့သို့နိုင်ငံများထက် နည်းပါးကြောင်း၊ အိန္ဒိယ၏ လက်မှတ်ရေးထိုးထားပြီးဖြစ်သော သို့မဟုတ် လက်မှတ် ရေးထိုးသည့် လုပ်ငန်းစဉ်များဆောင်ရွက်ဆဲဖြစ်သော လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များသည် အိန္ဒိယကုန်ပစ္စည်းများအတွက် ပို့ကုန်ဈေးကွက်များသို့ ပိုမိုဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံအနေဖြင့် ခရိုင်အလိုက် အဓိကထုတ်ကုန်ပစ္စည်းများရွေးချယ်သတ်မှတ်၍ ပို့ကုန်မြှင့်တင်နိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

Source: Govt to tap districts for enhancing exports: DGFT, The Economic Times, 1 September, 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)