Japan

ဂျပန်နိုင်ငံမှ ရေထွက်ကုန်များတင်သွင်းမှုကို တရုတ်နိုင်ငံမှ ပိတ်ပင်ထားမှုကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်မှုများသက်သာစေရေးအတွက် ဂျပန်အစိုးရအနေဖြင့် ငါးလုပ်ငန်းကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၁၄၀ သန်း ထပ်ဆောင်းထောက်ပံ့ပေးသွားမည်

Last Updated:

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွများပါရှိသော သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့်ထိခိုက်မှုများ သက်သာစေရန်အတွက် ငါးလုပ်ငန်းကဏ္ဍသို့ ထပ်ဆောင်းထပ်ပံ့ငွေအဖြစ် ဂျပန်ယန်း ၂၀.၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၄၁.၄ သန်း) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၄-၉-၂၀၂၃ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ခီရှိဒက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အစိုးရ၏ပံ့ပိုးမှုအစီအစဉ်များ၌ ပြည်တွင်းစားသုံးမှုမြှင့်တင်နိုင်ရေး၊ ရေထွက်ကုန်များရေရှည်ထုတ်လုပ်မှုသေချာစေရေး၊ ဂုဏ်သိက္ခာထိခိုက်မှုများ ရှောင်ရှားနိုင်ရေး၊ ပြည်ပဈေးကွက်အသစ်များရှာဖွေရန်အတွက် မဟာဗျူဟာများချမှတ်ဆောင်ရွက်နိုင်ရေး၊ နစ်နာသူများအားလုံးသို့ လျော်ကြေးငွေများ ထိရောက်မြန်ဆန်စွာနှင့် လုံလောက်စွာပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရေလုပ်သားများအနေဖြင့် လုပ်ငန်းများဆက်လက်လည်ပတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဂျပန်အစိုးရအနေဖြင့် ငါးလုပ်ငန်းကဏ္ဍသို့ ၂ ကြိမ်တိတိ ရန်ပုံငွေထောက်ပံ့ထားပြီးဖြစ်ကာ ပထမ အကြိမ်တွင် ယန်း ၃၀ ဘီလီယံနှင့် ဒုတိယအကြိမ်တွင် ယန်း ၅၀ ဘီလီယံဖြစ်သည့်အတွက် ယခုတတိယအကြိမ်နှင့်ဆိုပါက စုစုပေါင်းထောက်ပံ့ပေးမှုမှာ ယန်း ၁၀၀.၇ ဘီလီယံဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

တရုတ်နိုင်ငံကဲ့သို့သော ဈေးကွက်တစ်ခုတည်းကို အလွန်အမင်းမှီခိုအားထားခြင်းအစား ပို့ကုန်တင်ပို့မှုလမ်းကြောင်းအသစ်များ ချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် ငါးလုပ်ငန်းကဏ္ဍကို ကူညီဆောင်ရွက် ပေးကြရန် အစိုးရအနေဖြင့် မေတ္တာရပ်ခံထားကြောင်း ဖော်ပြထားပါသည်။ ထို့အတူ ဂျပန်အစိုးရအနေဖြင့် သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်းပြီး သိပ္ပံနည်းကျတွေ့ရှိချက်များကိုအခြေခံ၍ ဆွေးနွေးမှုများဆောင်ရွက်သွားရန်အတွက် တရုတ်နိုင်ငံအား ဖိတ်ခေါ်ထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ငါးလုပ်ငန်းကဏ္ဍကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏အစိုးရနှင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်ရေးအတွက် တာဝန်ယူထားသော Operator ကုမ္ပဏီဖြစ်သည့် Tokyo Electric Power Company Holdings Inc. တို့အနေဖြင့် အပြည့်အဝတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ငါးလုပ်ငန်းကဏ္ဍအတွက် အကြီးဆုံးဈေးကွက်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသမှ ဒေသခံရေလုပ်သားများနှင့်တရုတ်နိုင်ငံတို့မှ ဆန့်ကျင်ဆန္ဒပြမှုများရှိသော်လည်း ဂျပန်နိုင်ငံအနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့စတင်စွန့်ပစ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ယခင်ကတည်းက မတည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် စွန့်ပစ်ခဲ့သည့်ရေများတွင် Tritium မှအပ ကျန်ရေဒီယိုသတ္တိကြွဓာတ်များကို သန့်စင်သည့်စနစ်အသုံးပြု၍ ဖယ်ရှားပြီးဖြစ်သည့်အတွက် စိတ်ချရကြောင်း အခိုင်အမာပြောကြားခဲ့သော်လည်း သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ ဂျပန်နိုင်ငံမှ စွန့်ပစ်ခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစတင်၍ ဂျပန်နိုင်ငံမှ ရေထွက်ကုန်များ အားလုံးကို တရုတ်နိုင်ငံအနေဖြင့် တင်သွင်းမှုပိတ်ပင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များအပါအဝင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များတင်ပို့မှုမှာ ယန်း ၂၇၈.၂ ဘီလီယံရှိခဲ့ကြောင်း၊ ဟောင်ကောင်သို့ တင်ပို့မှုမှာ ၂၀၈.၆ ဘီလီယံရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုမှာ ယန်း ၈၇.၁ ဘီလီယံနှင့် ဟောင်ကောင်သို့ ရေထွက်ကုန်တင်ပို့မှုမှာ ယန်း ၇၅.၅ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၂ ခုနှစ်၌ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်များတင်ပို့မှုမှာ ဂျပန်နိုင်ငံမှ စုစုပေါင်းတင်ပို့မှု၏ ၂၈ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ ငါးလုပ်ငန်း ကဏ္ဍအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ရေထွက်ကုန်ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံနီးပါးကို တရုတ်ဈေးကွက်တစ်ခုတည်းသို့ တင်ပို့ခဲ့သည့်အတွက် အဆိုပါဈေးကွက်လှုပ်ခတ်မှုနှင့် သက်ရောက်မှုများကြောင့် ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် ရေထွက်ကုန်တင်ပို့မှုမှာ ဂျပန်နိုင်ငံ၏ ကမ္ဘာ့နိုင်ငံများသို့ စုစုပေါင်းတင်ပို့မှု၏ ၁ ရာခိုင်နှုန်းနီးပါးသာရှိသည့်အတွက် နိုင်ငံ့စီးပွားရေးအပေါ်တွင် များစွာသက်ရောက်မှု မရှိစေခဲ့ကြောင်း တွေ့ရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များတင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့သည့်အတွက် ပြည်တွင်းလိုအပ်ချက်အတွက် အခြားသောကမ္ဘာ့နိုင်ငံများမှ ပြောင်းလဲတင်သွင်းလာနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံများမှ ရေထွက်ကုန်စုစုပေါင်းတင်သွင်းမှု၏ ၁.၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ တင်သွင်း ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အတူ ၂၀၂၂ ခုနှစ်၌ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရေထွက်ကုန်တင်သွင်းမှု၏ ၁၅ နိုင်ငံမြောက် အများဆုံးတင်သွင်းခဲ့သည့် နိုင်ငံလည်းဖြစ်သည့်အတွက် တရုတ်နိုင်ငံ၌ ဈေးကွက်ရရှိပြီးဖြစ်သော မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့  ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် အလားအလာများစွာရှိကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia News (၄-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan