Japan

ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများနှင့် အာဆီယံနိုင်ငံများ၏ အရှိန်အဟုန်မြှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အားသာချက်များကို ပေါင်းစည်းကာ ဂျပန်-အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်

Last Updated:

ဂျပန်နိုင်ငံ၏အဆင့်မြင့်နည်းပညာများနှင့် အာဆီယံနိုင်ငံများ၏အရှိန်အဟုန်မြှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အားသာချက်များကို ပေါင်းစည်းကာ အနာဂတ်ကို အတူတကွပူးတွဲဖော်ဆောင်သွားမည်ဖြစ် ကြောင်း၊ ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်နှင့် အခြားသောကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ကြံ့ခိုင်ရည်ရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးဝန်းကျင်ကို တည်ဆောက်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒမှ ၄-၉-၂၀၂၃ တွင်ကျင်းပခဲ့သည့် ASEAN Business and Investment Summit  တွင် ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါမိန့်ခွန်းတွင် ဂျပန်နိုင်ငံအနေဖြင့် အာရှဒေသတွင် ကာဗွန်ကင်းစင်သည့်အသိုက်အဝန်းဖြစ်လာစေရေး Asia Zero Emissions Community(AZEC)အတွက် စွမ်းအင်အရင်းအမြစ်အသစ်များ အသုံးပြုနိုင်ရေးနှင့် လက်တွေ့ကျသည့်စွမ်းအင်ဆိုင်ရာ အသွင်ကူးပြောင်းမှုများဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊နောက်ဆုံးပေါ်မော်တော်ယာဉ်များ၊ လေကြောင်းနှင့်အာကာသဆိုင်ရာကဏ္ဍများ၊ အဆင့်မြင့်ဆေးဝါးလုပ်ငန်းများအပါအဝင် ဂျပန်နိုင်ငံ၏အားသာချက်များကို အာဆီယံနိုင်ငံများအား မျှဝေပေးသွားမည်ဖြစ်ပြီး အနာဂတ်စက်မှုလုပ်ငန်းများဖော်ဆောင်ရာတွင် အတူတကွလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွင် ယုံကြည်စိတ်ချရသည့်အချက်အလက်များ ချိတ်ဆက်ရယူနိုင်မှုမြှင့်တင်နိုင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အဆင့်မြှင့်တင်နိုင်ရေး၊အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့အစည်း(ERIA)ကို ရေရှည်တည်တံ့သည့် စီးပွားရေးစင်တာနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများအား အသုံးပြုနိုင်စေရေးအတွက် ဂျပန်-အာဆီယံပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ သက်ဝင်လှုပ်ရှားသည့် စီးပွားရေးလုပ်ငန်းများဖြစ်စေရေးအတွက် လွတ်လပ်ပြီးမျှတသည့် စီးပွားရေးဆိုင်ရာ ဥပဒေစည်းမျဉ်းများသည် မရှိမဖြစ်အရေးပါလျက်ရှိပါကြောင်း၊ အဆိုပါဥပဒေစည်းမျဉ်းများကို ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ဘက်စုံတိုးတက်သော ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်(CPTPP)နှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(RCEP)ကဲ့သို့သော လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များတွင် ပါဝင်ပြီးဖြစ်ပါကြောင်း၊ အင်ဒို-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဘောင်(IPEF)တွင် ဂျပန်နိုင်ငံ အနေဖြင့် အမေရိကန်နှင့်အာရှဒေသအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။  

အာဆီယံ-ဂျပန် နှစ် ၅၀ ပြည့်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်အဖြစ် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေးကို ယခုနှစ်ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ အာဆီယံ-ဂျပန်စီးပွားရေးပူးတွဲဖော်ဆောင်ရေးဖိုရမ်(ASEAN Japan Economic Co-creation Forum)နှင့် အနာဂတ်ခေါင်းဆောင်များအကြား အချင်းချင်းချိတ်ဆက်မှုများ ဆောင်ရွက်နိုင်စေရေးအတွက် အာဆီယံ-ဂျပန်လူငယ်စီးပွားရေးခေါင်းဆောင်များထိပ်သီးအစည်းအဝေး(ASEAN-Japan Young Business Leader’s Summit)တို့ကိုပါ ပူးတွဲကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးလာမှုကို တုံ့ပြန်နိုင်ရေးအတွက် စီးပွားရေးလုံခြုံမှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပိုမိုခိုင်မာအားကောင်းသည့်ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ထို့အတူ ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေးလုံခြုံမှုရှိစေရေးအတွက် စွမ်းအင်နှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သော နိုင်ငံအတွက် အရေး ပါသည့်ကုန်စည်များ စဉ်ဆက်မပြတ်ရရှိနိုင်ရေးအတွက် အာရှ၊ အာဖရိက၊ အီးယူနှင့် အရှေ့အလယ်ပိုင်းဒေသ စသည့်ဒေသများမှ အရင်းအမြစ်များနှင့် ကုန်ကြမ်းများပေါများသည့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကိုလည်း တွေ့ရှိရပါသည်။

Source: Prime Minister’s Office of Japan                                                                                     

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan