India (Delhi)

အိန္ဒိယ၏ G20 ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်ခြင်းသည် အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံရေးမြှင့်တင်ရန်အတွက် အထောက်အကူဖြစ်

Last Updated:

အိန္ဒိယအနေဖြင့် G20 ဥက္ကဋ္ဌတာဝန်ယူဆောင်ရွက်ခြင်းသည် အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေးခိုင်မာစေရန် အထောက်အကူဖြစ်စေပြီး အခြေခံအဆောက်အအုံကဲ့သို့သော ကဏ္ဍများတွင် အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ပံ့ပိုးပေးနေသည်ဟု ပညာရှင်များက သုံးသပ်ထားပါကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

G20 သည် အနာဂတ်ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောရေးအတွက် မဟာဗျူဟာမြောက်အခန်းကဏ္ဍတွင်ရှိနေပြီး အဖွဲ့ဝင်များသည် ကမ္ဘာ့ GDP ၏ ၈၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၇၅ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံကို ကိုယ်စားပြုပါကြောင်း၊ နိုင်ငံစုံပါဝင်သည့်ဖိုရမ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူရခြင်းသည် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်ခြင်းနှင့် ကြီးမားသော စီးပွားရေးဆိုင်ရာဆက်ဆံရေးကို နက်ရှိုင်းစေခြင်းအတွက် နိုင်ငံ၏အင်အားနှင့် အောင်မြင်မှုများကို ပြသနိုင်သောကြောင့် အိန္ဒိယအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများ၊ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု၊ ခေတ်မီအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်မှု၊ ကျွမ်းကျင်သော လုပ်သားအင်အား၊ ဝင်ငွေကောင်းမွန်သည့် လူဦးရေများပြားမှုတို့သည် အဆိုပါအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမြှင့်တင်ရန် အိန္ဒိယအားအထောက်အကူဖြစ်စေသည့် အပြုသဘောဆောင်မှုအချို့ဖြစ်ပါကြောင်း၊ G20 တွင် အဖွဲ့ဝင် ၄၃ နိုင်ငံပါဝင်ပါကြောင်း၊ ၎င်းတို့တွင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တူရကီ၊ UK နှင့် US စသည့်နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံတို့ပါဝင်ကြောင်း သိရှိရသည်။

ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက ပို့ကုန်များအတွက် ပိုမိုကောင်းမွန်သောဈေးကွက် အခွင့်အလမ်းများရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုများလွယ်ကူချောမွေ့စေရေးအတွက် အိန္ဒိယအစိုးရသည် ဗြိတိန်နှင့် EU ကဲ့သို့သောနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အကြံပြုထားပါကြောင်း၊ သို့ရာတွင် ကုန်သွယ်ရေးနှင့် ရာသီဥတုဆိုင်ရာကိစ္စရပ်များပေါင်းစပ်ဆွေးနွေးပါက အကျိုးရလဒ်များကို ထိခိုက်နိုင်သဖြင့် ပေါင်းစပ်ဆွေးနွေးခြင်းမပြုရန် မေတ္တာရပ်ခံထားပါကြောင်း၊ G20 ၏အကြီးဆုံးကုန်သွယ်ရေးအုပ်စုဖြစ် သည့် EU သည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ နယ်စပ်ဖြတ်ကျော်ကာဗွန်ထိန်းညှိရေးစနစ်အား ကျင့်သုံးဆောင်ရွက်မည်ဖြစ်ပြီး အိန္ဒိယကဲ့သို့နိုင်ငံများမှ ပို့ကုန်များကို ဈေးနှုန်းကြီးမြင့်စေမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပထမ ၈ လတွင် EU က ရာသီဥတုပြောင်းလဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းငါးခုကို ထုတ်ပြန်ခဲ့ပါကြောင်း၊ G20 နိုင်ငံများအနေဖြင့် ယခုကဲ့သို့ကြီးမားကျယ်ပြန့်သည့်ကိစ္စရပ်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)ကို မရောက်ခင် နိုင်ငံတစ်ခုချင်းဆွေးနွေးပါက  ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများကို ပြေလျော့စေမည်ဟု မူဝါဒပိုင်းဆိုင်ရာ လေ့လာ‌ရေးအဖွဲ့တစ်ခုဖြစ်သည့် Global Trade Research Initiative (GTRI) ပူးတွဲတည်ထောင်သူ Ajay Srivastava က ပြောကြားခဲ့သည်။

Shardul Amarchand Mangaldas & Co မှ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူကလည်း အိန္ဒိယသည် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကမ္ဘာလုံးဆိုင်ရာစံသတ်မှတ်သူအဖြစ် ဆောင်ရွက်နိုင်ရန် G20 နိုင်ငံများ နှင့် ဘုံသဘောတူညီချက်ကို ရှာဖွေသင့်ပါကြောင်းနှင့် အိုင်တီနှင့် အိုင်တီအသုံးပြုနိုင်သော ဝန်ဆောင်မှုများတင်ပို့မှုကို မြှင့်တင်ရန်အတွက် အဆိုပါကမ္ဘာ့အဆင့်အဖွဲ့အစည်းကို အသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုများ တင်ပို့ရောင်းချမှုဈေးကွက်တွင် အိန္ဒိယ၏ ဦးဆောင်မှုကို မြှင့်တင်ဆောင်ရွက်ရန်အတွက် ဒေတာကာကွယ်ရေး၊ နိုင်ငံတကာစာချုပ်ချုပ်ခြင်း၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနှင့် နိုင်ငံတကာအခွန်ကောက်ခံခြင်းကဲ့သို့သော ဒစ်ဂျစ်တယ်စီးပွားရေး၏ ကဏ္ဍအသီးသီးအတွက် ကမ္ဘာလုံးဆိုင်ရာစံသတ်မှတ်သူအဖြစ် ရပ်တည်သင့်သည်ဟု Shroff က ပြောကြားခဲ့သည်။

INDUSLAW အား ပူးတွဲတည်ထောင်သူဖြစ်သည့် Gaurav Dani က အိန္ဒိယနိုင်ငံသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးပြုသည့် ဝင်ငွေအလယ်အလတ်ရှိသည့် လူဦးရေအများဆုံးရှိမှုနှင့် ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီများကြောင့် အိန္ဒိယတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ Deloitte India ၏ စီးပွားရေးပညာရှင် Rumki Majumdar က နိုင်ငံစုံကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များအတွက် သင့်လျော်သည့်နေရာများကို ရှာဖွေလျက်ရှိရာ  G20 ဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယသည် ထိုကဲ့သို့သောကုမ္ပဏီများစွာကို ဆွဲဆောင်နိုင်ရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေခံအဆောက်အအုံများကြီးမားစွာတိုးတက်ကောင်းမွန်လာမှု၊ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု၊ ကျွမ်းကျင်လုပ်သားအင်အားနှင့် လူလတ်တန်းစားစားသုံးသူအခြေခံကြီးမားသော စျေးကွက်ကြီးထွားလာမှုသည် အိန္ဒိယနိုင်ငံအား ရင်းနှီးမြှုပ်နှံရန်နှင့် အရည်အသွေးအကောင်းဆုံးကုန်ပစ္စည်းများ တင်သွင်းရန်ဆွဲဆောင်မှုအရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်လာစေသည့် အဓိကညွှန်ပြချက်အချို့ဖြစ်သည်ဟု Hi-Tech Group ၏ ဥက္ကဋ္ဌဖြစ်သူ Deep Kapuria က ပြောသည်။

မွန်ဘိုင်းအခြေစိုက် Technocraft Industries ၏ ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင်ဖြစ်သူ Sharad Kumar Saraf က အိန္ဒိယနိုင်ငံ၏ G20 နိုင်ငံများနှင့် ကုန်သွယ်မှုသည် အိန္ဒိယနိုင်ငံ၏ မြို့ကြီးများတွင် စီစဉ်ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများ စသည့်များစွာသောအခမ်းအနားများသည် အဖွဲ့ဝင်များအတွက် ယုံကြည်မှုများဖန်တီးပေးသောကြောင့် အရှိန်အဟုန်ဖြင့်တိုးမြင့်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

G20 ဥက္ကဋ္ဌသည် အိန္ဒိယနိုင်ငံအတွက် မတူကွဲပြားသောကဏ္ဍများတွင် အခွင့်အလမ်းများစွာကို ဖန်တီးပေးခဲ့ပါကြောင်း၊ တိုင်းပြည်တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ပြသရာတွင်လည်း  အထောက်အကူဖြစ်စေပါကြောင်း၊ ယခုအချိန်တွင် အိန္ဒိယအတွက် အခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အိန္ဒိယသည် G20 အဖွဲ့၀င်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှုမဟုတ်သည့်တိုင် အကောက်ခွန်လျှော့ချရေးကို ညှိနှိုင်းဆောင်ရွက်သင့်သည်ဟု Saraf က ထပ်လောင်းပြောကြားခဲ့သည်။

G20 အဖွဲ့ဝင်များအနက် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယသည် စုစုပေါင်းကုန်သွယ်မှု USD ၁၆၆၂ ဘီလီယံဖြင့် အဆင့်(၉)နေရာတွင် ရပ်တည်လျက်ရှိပြီး အီးယူနိုင်ငံများက USD ၁၇,၁၅၁ ဘီလီယံ၊ တရုတ် ၇,၁၈၃ ဘီလီယံ၊ အမေရိကန် ၆,၉၃၃ ဘီလီယံတို့ဖြင့် ထိပ်ဆုံးသုံးနေရာအသီးသီးရယူထားရှိကြသည်။ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ၏ပို့ကုန်ကဏ္ဍတွင် G20 နိုင်ငံများ၏ ရှယ်ယာသည် ၆၄ ရာခိုင်နှုန်းနှင့် သွင်းကုန်တွင် ၅၂.၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

G20 နိုင်ငံများအနက် အိန္ဒိယ၏ ထိပ်တန်းပို့ကုန်နိုင်ငံများမှာ အမေရိကန်(USD ၉၁ ဘီလီယံ)၊ EU(USD ၈၇ ဘီလီယံ)၊ China(USD ၁၇.၅ ဘီလီယံ)၊ UK(USD ၁၄.၄ ဘီလီယံ)၊ တူရကီ(USD ၁၀.၇ ဘီလီယံ)နှင့် ဆော်ဒီအာရေဗျ (USD ၁၀ ဘီလီယံ)တို့ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းသည့်နိုင်ငံများမှာ တရုတ်(USD 118.5 ဘီလီယံ)၊ အီးယူ(USD ၅၉.၁ ဘီလီယံ)၊ ဆော်ဒီအာရေဗျ (USD ၄၃.၃ ဘီလီယံ)၊ USA(USD ၃၈.၄ ဘီလီယံ)၊ ရုရှား(USD ၃၄ ဘီလီယံ)၊ သြစတြေးလျ(USD ၁၉.၂ ဘီလီယံ)၊ ကိုရီးယား(USD ၁၈.၉ ဘီလီယံ)နှင့် ဂျပန်(USD ၁၃.၉ ဘီလီယံ) တို့ဖြစ်ကြသည်။

၂၀၂၂ ခုနှစ်တွင် အိန္ဒိယ၏ ကဏ္ဍအလိုက်အဓိကပို့ကုန်များမှာ အီလက်ထရွန်းနစ်နှင့် စက်ယန္တရားများ(USD ၄၁.၃ ဘီလီယံ)၊ ရေနံထွက်ပစ္စည်းများ(USD ၃၀ ဘီလီယံ)၊ စိန်အချောထည်နှင့် ရွှေလက်ဝတ်ရတနာ(USD ၂၅.၉ ဘီလီယံ)၊ အော်ဂဲနစ်ဓာတုပစ္စည်းများ(USD ၂၀.၅ ဘီလီယံ)၊ ဆေးဝါးများ(USD ၁၆.၄  ဘီလီယံ)၊ မော်တော်ကားအစိတ်အပိုင်းများ(USD ၁၁.၈ ဘီလီယံ) တို့ဖြစ်ကြသည်။

ကဏ္ဍအလိုက် အဓိကသွင်းကုန်ပစ္စည်းများမှာ အီလက်ထရွန်းနစ်(USD ၄၆.၆ ဘီလီယံ)၊ စက်ယန္တရား(USD ၄၂.၅ ဘီလီယံ)၊ ရေနံထွက်ပစ္စည်း(USD ၄၀.၆ ဘီလီယံ)၊ အော်ဂဲနစ်ဓာတုပစ္စည်းများ (USD ၁၈.၉ ဘီလီယံ)၊ စိန် (အကြမ်းထည်)နှင့် ရွှေ(USD ၁၇.၆ ဘီလီယံ)၊ ပလတ်စတစ်ကုန်ကြမ်းများ၊ (USD ၁၃ ဘီလီယံ)နှင့် သံနှင့်သံမဏိ(USD ၁၂.၈ ဘီလီယံ) တို့ဖြစ်ကြသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)အရ အမေရိကန်သည် ၂၀၀၀ ခုနှစ် ဧပြီလမှ ၂၀၂၃ခုနှစ် ဇွန်လအတွင်း အမေရိကန်ဒေါ်လာ 645.4 ဘီလီယံဖြင့် အများဆုံးဖြစ်ပြီး အိန္ဒိယ၏ FDI တွင် ရှယ်ယာကိုးရာခိုင်နှုန်းထိ ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။ ယင်းနောက်တွင်  ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ စုစုပေါင်း FDI ၏ ၆ ရာခိုင်နှုန်း၊ UK(USD ၃၄.၃ ဘီလီယံ) စုစုပေါင်း FDI ၏ ၅ ရာခိုင်နှုန်း၊ ဂျာမနီ(USD ၁၄.၂၅  ဘီလီယံ)၊ စုစုပေါင်း FDI ၏ ၂ ရာခိုင်နှုန်းနှင့် ပြင်သစ်(USD ၁၀.၆၂ ဘီလီယံ) စုစုပေါင်း FDI ၏ ၁.၆၄ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ထားကြကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

Source: G20 Presidency helping India deepen trade ties with member nations: Experts, The Economic Times, 3 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)