India (Delhi)

သက်သာသောစျေးဖြင့်ရောင်းချပေးသော ရုရှားရေနံအပေါ် အိန္ဒိယ၏ပုံအောဝယ်ယူမှုများ ကျဆင်းလာ

Last Updated:

အိန္ဒိယနိုင်ငံသို့ ရေနံပုံမှန်တင်ပို့ရောင်းချသည့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဆွဲဆောင်မှုရှိသော အခြေအနေများကြောင့် ရုရှား၏လျှော့ဈေးဖြင့်ရောင်းချသော ရုရှားရေနံစိမ်းအပေါ် ပုံအောဝယ်ယူမှု များမှာ ကျဆင်းသွားနိုင်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

ရေနံဝန်ကြီးဖြစ်သူ Hardeep Puri က အင်တာဗျူးတစ်ခုတွင် ပင်လယ်ကွေ့နိုင်ငံများ၏ ရေနံဈေးနှုန်းမှာ ယခုအချိန်တွင် ပိုမိုဆွဲဆောင်မှုရှိသဖြင့် ရုရှားနိုင်ငံမှ ရေနံဝယ်ယူမှုမှာ သိသိသာသာကျဆင်းသွားနိုင်သည်ဟု ပြောကြားထားပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ရုရှားရေနံစိမ်းဝယ်ယူသုံးစွဲမှုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် တစ်ရှိန်ထိုးမြင့်တက်ခဲ့ ပြီးနောက် ဆော်ဒီအာရေဗျနှင့်အီရတ်နိုင်ငံတို့မှ ရေနံတင်သွင်းမှုများကျဆင်းခဲ့ပါကြောင်းနှင့် ပြီးခဲ့သည့် မေလတွင် ရုရှားနိုင်ငံ၏ ရောင်းအားမှာ ထက်ဝက်နီးပါးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

သို့ရာတွင် ဈေးနှုန်းများမြင့်တက်လာခြင်းသည် ရုရှား၏လျှော့ဈေးဖြင့်ရောင်းချသော ရေနံစိမ်းများကို အခက်အခဲဖြစ်စေပြီး ဝယ်ယူသူများအပေါ် ဆွဲဆောင်နိုင်မှုကျဆင်းခဲ့ပါကြောင်း၊ ထို့ကြောင့် အချို့သောသက်တမ်းအလိုက်စာချုပ်များအပေါ် ပြန်လည်စိတ်ဝင်စားလာကြပါကြောင်းနှင့် ရုရှားကလည်း ရေနံတင်ပို့မှုကန့်သတ်ချက်ကို သက်တမ်းတိုးသွားမည်ဟု ယခုသီတင်းပတ်အတွင်း ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဩဂုတ်လတွင် ရုရှားမှ တင်သွင်းမှုသည် တတိယလတွင် တစ်ရက်လျှင် စည်ပေါင်း 1.57 သန်းအထိ ကျဆင်းသွားခဲ့ကြောင်းနှင့် ၃ လဆက်တိုက်ကျဆင်းလာခြင်းဖြစ်ပါကြောင်း၊ ရုရှားသည် အိန္ဒိယ နိုင်ငံ၏ ရေနံအများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသော်လည်း တစ်လအတွင်း တင်သွင်းမှု ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇန်နဝါရီလနောက်ပိုင်း အနည်းဆုံးတင်သွင်းမှုဖြစ်ပါကြောင်း၊ သတင်းအချက်အလက်လေ့လာစောင့်ကြည့်ရေးကုမ္ပဏီ Kpler ၏အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ရေနံသန့်စင်ထုတ်လုပ်သူများသည် ပြီးခဲ့သောလတွင် အီရတ်နိုင်ငံမှ တင်သွင်းမှုကိုလည်း ၁၀ ရာခိုင်နှုန်းလျှော့ချခဲ့ပြီး တစ်နေ့လျှင် စည်ပေါင်း ၈၄၈,၀၀၀ သာတင်သွင်းခဲ့ပါကြောင်း၊ သို့ရာတွင် ဆော်ဒီအာရေးဗီးယားမှ ရေနံတင်သွင်းမှုမှာမူ တစ်နေ့လျှင် စည်ပေါင်း ၈၅၂,၀၀၀  တင်သွင်းခဲ့ပါကြောင်းနှင့် တစ်လအတွင်း ၆၃ ရာခိုင်နှုန်းထိပိုမိုခဲ့သည်ဟု အခြားသောရေနံသတင်းအရင်းအမြစ်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ရေနံဝန်ကြီးဖြစ်သူ Puri က အိန္ဒိယနိုင်ငံအနေဖြင့် ဈေးကွက်အခြေအနေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး မည်သူ့ထံမှမဆို ဝယ်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေနံသန့်စင်ထုတ်လုပ်သည့်ကုမ္ပဏီများ၏ ဝယ်ယူရေးဆုံးဖြတ်ချက်များတွင် အစိုးရသည် ပတ်သက်ခြင်းမရှိသော်လည်း ဂျီ-၇ အဖွဲ့၏ ရုရှားရေနံအပေါ် စျေးနှုန်းသတ်မှတ်ချက်ကို လိုက်နာရန်ညွှန်ကြားထားသည်ဟု ပြောကြားထားကြောင်း သိရသည်။

အိန္ဒိယ၏ ရေနံလိုအပ်ချက်ပြည့်မီရေးအတွက် ၈၆ ရာခိုင်နှုန်းကျော်ကို ပြည်ပမှ ဝယ်ယူတင်သွင်းရခြင်းဖြစ်သည်ဖြင့် ရေနံစိမ်းနှုန်းသည် နိုင်ငံစီးပွားရေးအတွက် အားနည်းချက်တစ်ခုဖြစ်နေပါကြောင်း၊ ရေနံဈေးနှုန်း ၁၀ ဒေါ်လာတိုးသည်နှင့် စာရင်းရှင်အပ်ငွေအကောင့်တွင် လိုငွေဒေါ်လာ ၁၀ ဘီလီယံတိုးလာပြီး GDP ကို ၀.၅ ရာခိုင်နှုန်းကျဆင်းစေသည်ဟု စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်များအရ သိရှိရကြောင်းလည်း ဖော်ပြထားပါသည်။

စက်သုံးဆီဈေးနှုန်းသည် ပြည်သူလူထုအပေါ်လည်း သက်ရောက်မှုရှိသဖြင့် လောင်စာဆီဖောင်းမှုနှင့်ပတ်သက်၍ နောင်နှစ်တွင် ရွေးကောက်ပွဲဝင်မည့်ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏အစိုးရအတွက် အဓိကစိုးရိမ်စရာဖြစ်လာပါကြောင်း၊  ယခုသီတင်းပတ်အစောပိုင်းတွင် ပြည်သူအားလုံးအတွက် မီးဖိုချောင်သုံးသဘာဝဓာတ်ငွေ့လောင်စာဆီဈေးနှုန်းများကို အစိုးရက ၁၈ ရာခိုင်နှုန်းလျှော့ချပေးခဲ့ပါကြောင်းနှင့် ဆီဈေးနှုန်းမငြိမ်မသက်မှုမှ ကာကွယ်ရန်အတွက်အတွက် ယမန်နှစ် မေလကတည်းက ဒီဇယ်နှင့် ဓာတ်ဆီစျေးနှုန်းများမပြောင်းလဲဘဲ ထားရှိထားကြောင်း သိရှိရသည်။

စက်သုံးဆီသည် မဟာဗျူဟာကုန်စည်ဖြစ်ပြီး ဈေးနှုန်းပြောင်းလဲမှုများသည် ပြည်သူလူထုအပေါ် များစွာသက်ရောက်မှုရှိပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း စက်သုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် အစိုးရမှ နိုင်ငံပိုင်စက်သုံးဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများအား ငွေကြေးထောက်ပံ့မှုများစီစဉ်ဆောင်ရွက်ပေးသကဲ့သို့ ရေနံတင်သွင်းရာတွင်လည်း နိုင်ငံတစ်နိုင်ငံတည်းကို မှီခိုအားထားခြင်းမပြုဘဲ ဈေးကွက်အနေအထားအပေါ်မူတည်၍ ဖြန့်ခွဲဆောင်ရွက်လျက်ရှိမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Oil Imports: India’s splurge on cheap Russian crude may be over, The Economic Times, 1 Sept 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)