Japan

အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းပြီးနောက် ဂျပန်ဝန်ကြီးချုပ်အနေဖြင့် လစာနှုန်းထားများ တိုးမြှင့် သတ်မှတ်ပေးနိုင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားမည်

Last Updated:

ဂျပန်နိုင်ငံ၌ ၁၃-၉-၂၀၂၃ ရက်နေ့တွင် အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအနေဖြင့် လစာနှုန်းထားတိုးမြှင့်သတ်မှတ်ပေးနိုင်ရေးနှင့် အောက်တိုဘာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည့်အစီအမံများ(Stimulus Package)ချမှတ်ဆောင်ရွက်ခြင်းအပါအဝင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့်လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းနှင့်အတူ လစာနှုန်းထားများတိုးမြှင့်သတ်မှတ်ပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင်ရေးအတွက် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စီးပွားရေး၊ လူ့အဖွဲ့အစည်း၊ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးစသည့် မူဝါဒဆိုင်ရာ မဏ္ဍိုင်(၃)ရပ်တွင် ကျွမ်းကျင်မှုအရည်အသွေးအပြည့်အဝရှိသူများအား ရွေးချယ်ခန့်အပ်ထားပြီးဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

လောင်စာဆီနှုန်းထားများအပေါ် အစိုးရက အထောက်အပံ့ပေးသည့်အစီအစဉ်(Fuel Subsidies)များကို ဆက်လက်ဆောင်ရွက်ခြင်းအပါအဝင် ပြည်သူတို့၏လူမှုဘဝအခြေအနေများကို ပံ့ပိုးပေးနိုင်ရေးအတွက် ခိုင်မာအားကောင်းသည့် စီးပွားရေးမူဝါဒများကို ချမှတ်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ လစာနှုန်းထားများတိုးမြှင့်ပေးနိုင်ရေးအတွက် အသေးစားနှင့်အလတ်စားကုမ္ပဏီများက အစိုးရသို့ ပေးဆောင်ရမည့်အခွန်များ ဆက်လက်ခုနှိမ်ခွင့်ပေးသွားမည့်အစီအစဉ်ကိုလည်း အစိုးရ၏ Stimulus Package အသစ်တွင် ထည့်သွင်းပေးနိုင်ရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

လောင်စာဆီ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီတာခများအပေါ် အစိုးရက အထောက်အပံ့ပေးသည့်အစီအစဉ်ကို စက်တင်ဘာလကုန်အထိသာ ဆောင်ရွက်သွားရန် စီစဉ်ထားမှုကိုလည်း ဂျပန်အစိုးရ အနေဖြင့် ထပ်မံတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်တွင် နိုင်ငံတစ်ဝန်း စက်သုံးဆီဈေးနှုန်းကို ပျမ်းမျှအားဖြင့် တစ်လီတာလျှင် ၁၇၅ ယန်း(အမေရိကန်ဒေါ်လာ ၁.၁၉)သို့ ရောက်ရှိစေရေး အစိုးရအနေဖြင့် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် အိမ်ထောင်စုများ၏ဝန်ထုပ်ဝန်ပိုးများအား လျှော့ချပေးနိုင်ရန်ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားခကောက်ခံသည့် ကုမ္ပဏီ ၁၀ ခုနှင့် ဓာတ်ငွေ့ကုမ္ပဏီ ၄ ခုတို့အား ဘဏ္ဍာငွေပံ့ပိုး ပေးခြင်းဖြင့် ပြည်သူများအပေါ် လစဉ်ကောက်ခံသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်ရေးနှင့်ဓာတ်ငွေ့နှုန်းထားများကို ၁၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများ မြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေး ဂျပန်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၁၄-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan