Japan

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ အမြင့်ဆုံးအဖြစ် ခရီးသွားဧည့်သည် ၂.၃ သန်းလာရောက်ခဲ့

Last Updated:

ဂျပန်နိုင်ငံသို့ ဇူလိုင်လအတွင်း လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ အများဆုံးဖြစ်ခဲ့ကြောင်း ၁၆-၈-၂၀၂၃ ရက်နေ့တွင် အစိုးရက ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရှိရကြောင်း၊ ယန်းငွေတန်ဖိုးကျဆင်းမှုသည် ခရီးသွားဧည့်သည်များ လာရောက်မှုကိုတိုးတက်စေပြီး ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ခရီးသွားဧည့်သည် ၂ သန်းကျော်ဝင်ရောက်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လထက်ပင် ဇူလိုင်လအတွင်း၌ ၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂.၃၂ သန်းရှိခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့(JNTO)က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

သို့သော် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ခရီးသွားလာမှုများ တားမြစ်ကန့်သတ်ခြင်းမပြုမီ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလ နှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်ကြောင်း၊ ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်များ အများအပြားလာရောက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း ကုန်ကျစရိတ်အနည်းဆုံးအားလပ်ရက်များဖြစ်စေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဩစတြေးလျနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ခရီးသွားဧည့်သည်များလာရောက်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလထက်ပင် ခရီးသွားဧည့်သည်များ များပြားလျက်ရှိကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့(JNTO)၏ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ အဖွဲ့လိုက်ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီးဖြစ်သဖြင့် ဂျပန်နိုင်ငံသို့ အများဆုံးလာရောက်ကြသည့် ခရီးသွားဧည့်သည်နှင့်ငွေကြေးအများဆုံးသုံးစွဲကြသည့် တရုတ်ခရီးသွားဧည့်သည်လာရောက်မှုမှာ များပြားလာနိုင်မည်ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍ ဆက်လက်တိုးတက်နိုင်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ်တင်ပို့မှု ပြန်လည်အားကောင်းလာခြင်းနှင့် ခရီးသွားဧည့်သည်များလာရောက်မှု ပြန်လည်များပြားလာခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးမှာ မျှော်မှန်းထားသည်ထက် လျှင်မြန်စွာတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၁၉ ခုနှစ်၌ ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ခရီးသွားကဏ္ဍ၏ပါဝင်မှုအချိုးမှာ ၀.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်မှာ ၃၂ သန်းရှိခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေးကို ယန်း ၅ ထရီလီယံတိုးတက်စေရန် ဂျပန်ဝန်ကြီးချုပ်ဖူမီအို ခီရှိဒက မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုကို ၂ နှစ် ကျော်ကြာရပ်ဆိုင်းခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့နိုင်ငံအများအပြားကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းနှင့် ၂၀၂၃ ခုနှစ် မေလတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား အဆင့်ပြင်ဆင်သတ်မှတ်ကာ ကန့်သတ်ချက်များဖြေလျှော့ပေးခဲ့ခြင်းတို့ကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ တစ်ဖြည်းဖြည်းများပြားလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၃ သိန်းကျော်ရှိခဲ့ပြီး ဇွန်လနှင့်နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်က လာရောက်ခဲ့သည့်အရေအတွက်ထက် များစွာနည်းပါးနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ အာဆီယံ ၅ နိုင်ငံအပါအဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံပေါင်း ၆၉ နိုင်ငံမှခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။နိုင်ငံအတွင်း ပြည်ပမှခရီးသွားများလာရောက်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလ၏ ၇၈ ရာခိုင်နှုန်းနီးပါးပြန်လည်ဝင်ရောက် လာလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဂျပန်နိုင်ငံသို့ခရီးသွားဧည့်သည်စုစုပေါင်း ၁၃ သန်းကျော်လာရောက်ခဲ့ပြီး တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်တို့မှ အများဆုံးလာရောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်အစိုးရအနေဖြင့်လည်း ဂျပန်နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားလာမှုပုံစံအသစ်များ ဖန်တီးပေးခြင်း၊ ဝန်ဆောင်မှုအသစ်များ ဖန်တီးပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Asahi Shimbun (၁၆-၈-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan