Japan

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၉ လဆက်တိုက် တရုတ်နိုင်ငံသို့တင်ပို့မှု ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀-၉-၂၀၂၃ ရက်နေ့တွင် ကနဉီးထုတ်ပြန်ခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ယခုကဲ့သို့ပို့ကုန်ကျဆင်းမှုမှာ ဂျပန်နိုင်ငံ၏အဓိကကုန်သွယ်ဖက်နိုင်ငံမှ ဝယ်လိုအားကျဆင်းလာမှုကို ဖော်ပြလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဩဂုတ်လနှောင်းပိုင်းတွင် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဉီးထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏စုစုပေါင်းပို့ကုန်တင်ပို့မှုမှာ ယန်း ၇.၉၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်မှာလည်း ယန်း ၈.၉၂ ထရီလီယံရှိခဲ့ပြီး ၁၇.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ ၉၃၀ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၂ လဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ သွင်းကုန်မှာ ၅ လဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ သွင်းကုန်ကျဆင်းခဲ့ရသည့်အဓိကအကြောင်းအရင်းများမှာ တွင်းထွက်သယံဇာတအရင်းအမြစ်များတင်သွင်းမှု ကျဆင်းခဲ့ရခြင်းကြောင့်ဖြစ်ပြီး ကျောက်မီးသွေးတင်သွင်းမှုမှာ ၄၈.၆ ရာခိုင်နှုန်း၊ ရေနံဓာတ်ငွေ့ရည်(LNG)တင်သွင်းမှုမှာ ၄၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ တရုတ်နိုင်ငံသို့ လောင်စာဆီတင်ပို့မှုမှာ ၆၄.၃ ရာခိုင်နှုန်း၊ သံမဏိတင်ပို့မှုမှာ ၂၇.၈ ရာခိုင်နှုန်း၊ လျှပ်စစ်တိုင်းတာရေးပစ္စည်းများတင်ပို့မှုမှာ ၂၅.၅ ရာခိုင်နှုန်းနှင့် လျှပ်စစ်ပစ္စည်းများတင်ပို့မှုမှာ ၂၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လအတွက် တရုတ်-ဂျပန်ကုန်သွယ်မှုအချက်အလက်များသည် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ထင်ဟပ်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor)ထုတ်လုပ်သည့် နည်းပညာမြင့်စက်ပစ္စည်းများအပါအဝင် နည်းပညာမြင့်စက်ပစ္စည်းများကို ပို့ကုန်ထိန်းချုပ်သည့်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှုကျဆင်းခဲ့ရခြင်းဖြစ်နိုင်ကြောင်းနှင့် တရုတ်နိုင်ငံ၏စီးပွားရေး ကျဆင်းလာခြင်းကြောင့် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုကျဆင်းခဲ့သည်မှာ လပေါင်းများစွာရှိပြီဖြစ်ကြောင်း Dai-ichi Life Research Institute မှ စီးပွားရေးပညာရှင် Chisato Oshiba က ပြောကြားထားပါသည်။

ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ဂုံး၊ ဘော်နီတိုငါး၊ တူနာငါး စသည့်ရေထွက် ပစ္စည်းများ အများဆုံးတင်ပို့ခဲ့ကြောင်း ဂျပန်ငါးလုပ်ငန်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ အာဆီယံနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှာ ၉.၂ ရာခိုင်နှုန်း၊ တောင်ကိုရီးယားသို့ ပို့ကုန်တင်ပို့မှုမှာ ၁၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အမေရိကန်သို့ တင်ပို့မှုမှာ ၅.၁ ရာခိုင်နှုန်းမြင့်တင်ခဲ့ကြောင်းနှင့် အီးယူသို့ သံမဏိနှင့်မော်တော်ယာဉ်တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် စုစုပေါင်းတင်ပို့မှုမှာ ၁၂.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံ၏ပိတ်ပင်မှုကြောင့် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့မှုမှာ ၆၇.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မှုမှာလည်း ၄၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ကြမ်းပစ္စည်းများ(Raw Materials)တင်ပို့မှုမှအပ ကျန်ကုန်စည်များအားလုံးတင်ပို့မှုမှာ ကျဆင်းခဲ့သည့်အတွက် စုစုပေါင်းပို့ကုန်တင်ပို့မှုမှာ ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၂၀-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan