Japan

၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်တွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၄.၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် လစာနှုန်းထားများကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မူလမျှော်မှန်းထားသည်ထက် ကျဆင်းခဲ့ကြောင်း၊ ထိုသို့ကျဆင်းခဲ့မှုသည် ပြည်တွင်းဝယ်လိုအားကောင်းမွန်မှုကြောင့် စီးပွားရေးပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ဂျပန်ဗဟိုဘဏ်၏ခန့်မှန်းချက်များအပေါ်လည်း ယုံကြည်မှုများပျောက်ကွယ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဧပြီလမှ ဇွန်လအတွင်း ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပုဂ္ဂလိကဝယ်ယူသုံးစွဲနိုင်စွမ်းမှာလည်း ကျဆင်းခဲ့ကြောင်း ၈-၉-၂၀၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ပြင်ဆင်ထုတ်ပြန်ချက်တွင် ဖော်ပြထားပါကြောင်း၊ တရုတ်နှင့် အမေရိကန်တို့၏ စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းကြောင့် စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိသည့် ဂျပန်နိုင်ငံ၏စီးပွားရေးအခြေအနေအပေါ် ပိုမို၍ဖိအားများဖြစ်ပေါ်စေခဲ့ပါကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့်လစာနှုန်းထားမှာ ၁၆ လဆက်တိုက်အနေဖြင့် ဇူလိုင်လတွင်ကျဆင်းခဲ့ပါကြောင်း၊ ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့မှုကြောင့် အိမ်ထောင်စု များအပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်စေခဲ့ပြီး ဝယ်ယူသုံးစွဲနိုင်စွမ်းလည်း ကျဆင်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုလျော့နည်းလာခြင်းကြောင့် ဂျပန်နိုင်ငံမှ ကုန်ထုတ်လုပ်သူများအနေဖြင့် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် သတိပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝယ်ယူသုံးစွဲနိုင်မှုကျဆင်းခြင်းကြောင့် ငွေကြေးသုံးစွဲလိုမှုကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်မှုများရရှိနိုင်ကြောင်း Norinchukin Research Institute မှ Chief Economist ဖြစ်သူ Takeshi Minami က ပြောကြားထားပါသည်။

ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၄.၈ ရာခိုင်နှုန်းရှိခဲ့ပြီး မူလခန့်မှန်းထားသည့် ၆ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၅.၅ ရာခိုင်နှုန်းရှိနိုင်ကြောင်း ဈေးကွက်ခန့်မှန်းထားချက်အောက်သို့လည်း လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုသို့နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကျဆင်းခဲ့ရခြင်းမှာ ငွေလုံးငွေရင်းအသုံးစရိတ်မှာ တန့်နေနိုင်ကြောင်း ကနဦးခန့်မှန်းထားချက်နှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းကြောင့်ဖြစ် ကြောင်းနှင့် ကိုဗစ်အလွန်ကာလတွင် လုပ်ငန်းများ၏သုံးစွဲနိုင်စွမ်း ကောင်းမွန်လာနိုင်မှုကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ဂျပန်ဗဟိုဘဏ်၏အမြင်အပေါ်တွင်လည်း ယုံကြည်မှုများပျောက်ကွယ်စေခဲ့ကြောင်း၊ ပြင်ဆင်ထုတ်ပြန်သည့်ကျဆင်းမှုနှုန်းမှာ ဈေးကွက်မျှော်မှန်းချက်ဖြစ်သည့် ၀.၇ ရာခိုင်နှုန်းနှင့်လည်း များစွာကွာဟခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်စီးပွားရေး၏ ရာခိုင်နှုန်းထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် ပုဂ္ဂလိကဝယ်ယူသုံးစွဲနိုင်စွမ်းမှာလည်း ဧပြီလမှ ဇွန်လအထိ သုံးလပတ်ကာလတွင် ပထမသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ကနဦးခန့်မှန်းထားချက်နှင့်နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 

ပြည်ပဝယ်လိုအားကောင်းမွန်မှုကြောင့် ပို့ကုန်မှာ ၁.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး GDP တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခဲ့ကာ ကနဦး ခန့်မှန်းထားသည့်အတိုင်း ပြောင်းလဲမှု မရှိခဲ့ပါကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုမှာ ၈ လဆက်တိုက်ကျဆင်းခဲ့ပြီး ဇူလိုင် လတွင် ၁၃.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ဇူလိုင်လတွင် စုစုပေါင်းပို့ကုန်တင်ပို့မှုမှာ ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခုနှစ် ဩဂုတ်လ လလယ်နှင့် ယခင်နှစ်အလားတူကာလ နှိုင်းယှဉ်ပါက စုစုပေါင်းပို့ကုန်မှာ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ်တွင်လည်း သက်ရောက်မှုဖြစ်စေလျက်ရှိသည်ကို ဖော်ပြလျက်ရှိပါကြောင်း၊ ပြည်တွင်းဝယ်လိုအား ကျဆင်းလာသည်နှင့်အမျှ သွင်းကုန်ကျဆင်းခဲ့မှုကြောင့် ဇူလိုင်လတွင် စာရင်းရှင်စာရင်း ကျဆင်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကျန်ရှိသည့် သုံးလပတ်ကာလ ၂ ခုအတွင်း ဆက်လက်၍ စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့မည်ဆိုပါက ဂျပန်ဗဟိုဘဏ်မှ အလွန်ဖြေလျော့သည့် ငွေကြေးဆိုင်ရာ မူဝါဒချမှတ်ဆောင်ရွက်မှုကို အဆုံးသတ်ရန် ကြိုးပမ်းမှုမှာ ပျက်ပြယ်နိုင်မည်ဖြစ်ကြောင်း Norinchukin Research Institute မှ Chief Economist ဖြစ်သူ Takeshi Minami က ပြောကြားထားပါသည်။

သုံးသပ်တင်ပြချက်

ကမ္ဘာ့ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်အခြေအနေ၊ ပြည်ပနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးတန်ဖိုးအခြေအနေဆိုင်ရာ သက်ရောက်မှုများသည် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအပေါ် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ မြင့်မားစေလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ ဂျပန်နိုင်ငံမှ ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှေးကွေးလာသည်နှင့်အမျှ ဂျပန်နိုင်ငံ၏ ပို့ကုန်တင်ပို့နိုင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ပြည်ပနိုင်ငံများ၏ဝယ်လိုအား ကျဆင်းလာမှုကြောင့် ပို့ကုန်တင်ပို့မှုကျဆင်းလာခြင်းသည် ထုတ်လုပ်တင်ပို့သူများ၏ ထပ်မံရင်းနှီးမြှုပ်နှံလိုစိတ်ကို ကျဆင်းစေပြီး ငွေလုံးငွေရင်းအသုံးစရိတ်ကိုလည်း ကျဆင်းစေခဲ့ကြောင်း သုံးသပ်ရပါသည်။

Source: The Reuters (၈-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan